လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြော

လှိုင်သာယာ(အရှေ့) မေ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အ‌ရှေ့ပိုင်း)မြို့နယ်၌ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အင်းစိန်ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့သည် ယမန်နေ့ (၁း၃၀)နာရီက ရွှေလင်ဘန်းစက်မှုဇုံ၊ စက်မှုဇုံစီမံခန့်ခွဲရေးကော်မတီရုံး၊ ကနောင်ခန်းမတွင် ပြုလုပ်သည်။

ဦးစွာ အင်းစိန်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မျိုးအောင်မြင့်က ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ရဲတပ်ဖွဲ့မှ ဆောင်ရွက်နေသည့် လုပ်ငန်းတာဝန်များကို အကျယ်တဝင်း ရှင်းလင်းဟောပြောပြီး၊ လှိုင်သာယာ(အနောက်ပိုင်း)​မြို့နယ် ယာဥ်ထိန်းတပ်ဖွဲ့စုမှူး ဒုရဲမှူး မြတ်မင်းကိုကိုမှ ယာဥ်စည်းကမ်း လမ်းစည်းကမ်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောတာကလူထူးမှ ရပ်ရွာအေးချမ်းသာယာရေးအတွက် ပြည်သူပူးပေါင်းပါဝင်ရေးအတွက်ဟောပြောခြင်း၊ ရွှေလင်ဘန်း စက်မှုဇုန်မီးသတ်တပ်ဖွဲ့မှ ဦးစီးမှူး ဦးသိန်းစိုးမှ မီးအသိ မီးသတိ ပညာပေးဟောပြောခြင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မင်းသန့်ဇော်မှ မှုခင်းကျဆင်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူလူထုပူးပေါင်းပါဝင်ရေးတို့ကို အသိပညာပေး ဟောပြောကြသည်။

ထို့နောက် အခမ်းအနား တက်ရောက်လာသူများအား မှုခင်းကျဆင်းရေးလက်ကမ်းစာစောင်များ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလက်ကမ်းစာစောင်များ ပေးအပ်ကြသည်။

အခမ်းအနားသို့ ပြည်သူ(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်သန်း(ပြန် / ဆက်)