သန်လျင်မြို့နယ်၌ရက် (၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်

ရန်ကုန် မေ ၁၇

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သန်လျင်မြို့နယ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေး မြို့နယ်လုပ်ငန်းအဖွဲ့မှ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေး မြေပြင်ကွင်းဆင်းဆောင်ရွက်ခြင်းကို မေ ၁၅ ရက် နံနက်ပိုင်းက သန်လျင်မြို့နယ်စစ်ပင်ကွင်းကျေးရွာအုပ်စု စစ်ပင်ကွင်းကျေးရွာ၌ ဆောင်ရွက်သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လုပ်ငန်းအဖွဲ့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်ကျော်စိုး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မြတ်မော်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးဦးဇွဲမင်းဦး၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှူးဦးအောင်ဇော်မင်း၊ သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးရန်စိုးအောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးဦးမောင်မောင်ထွေးတို့က  ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေး ဆောင်ရွက်မည့်လုပ်ငန်းအပေါ် ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကာ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဖြိုးသီဟ(သန်လျင်)