အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသမှုအစီအစဉ်ဖြင့် ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေပြည်သူ (၄၀၀) ကျော်တို့အား လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့

ထန်းတပင်(ရန်ကုန်) မေ ၁၇

ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာန၊ လှိုင်သာယာပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဦးဆောင်သော အထူးကုဆရာဝန်ကြီးများအဖွဲ့သည် မေလ(၁၆)ရက်နေ့၊ နံနက်ပိုင်းက ထန်းတပင်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသမှုအစီအစဉ်ဖြင့် ရပ်ကွက်/ကျေးရွာနေ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးခဲ့ရာ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ နေပြည်သူလေးရာသုံးဆယ်ကျော်တို့အား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ကွင်းဆင်းဆေးကုမှုအစီအစဉ်ဖြင့်လည်း လှိုင်သာယာပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်ရူပါစိုးနှင့် အထူးကုဆရာဝန်ကြီးများအဖွဲ့သည် မျက်စိရောဂါ၊ အထွေထွေရောဂါ၊ ကလေးရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အရေပြားရောဂါ၊ အရိုးရောဂါ၊ နား၊ နှာခေါင်းလည်ချောင်းရောဂါ၊ ခွဲစိတ်ရောဂါ၊ သွားနှင့် ခံတွင်းရောဂါနှင့် အကြောအဆစ်ရောဂါ စသည့် အထူးကုဘာသာရပ်များအလိုက် လာရောက်ပြသခဲ့ကြသည့် ရပ်ကွက်၊ ကျေးရွာနေပြည်သူ စုစုပေါင်း (၄၃၂)ဦးတို့အား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ခဲ့ကြကြောင်း သိရသည်။

ဆေးကုသမှုများ အဆင်ပြေစေရေးအတွက်လည်း  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင် ဦးအေးဝင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်ခိုင်၊ မြို့နယ်ကုသရေးဌာနမှူး ဒေါက်တာသန့်ဇင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့် အဖွဲ့ဝင်များက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)