ဗိုလ်တထောင် မေ ၁၇
ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ ဥပဒေအသိပညာပေးဟောပြောပွဲကို မေလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီခွဲက ဗိုလ်တထောင်မြို့နယ်အမှတ်(၄)ရပ်ကွက်၊ အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပထမဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဝင်းထိုက်မှ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ ရှင်းပြောကြားခြင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဇော်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခြင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်မောင်မှရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများအား ဆွေးနွေးဟောပြောခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မိုးကျော်မှ လွှတ်တော်ဥပဒေဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းပြောကြားခြင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းအောင်မြင့်ခိုင်မှ မိတ်ဆက်စကားပြောကြားခြင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး တင်ကိုကိုမှ မှုခင်းကျဆင်းမှုနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်မြို့နယ် ဥပဒေအရာရှိ ဦးရန်ဆယ်ခင်ဆားရ်မှ ပြည်သူများ သိသင့်သိထိုက်သော ဥပဒေများအကြောင်း အသိပညာပေးဟောပြောခြင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ထွန်းမြင့်က နိုင်ငံသားမှတ်ပုံတင်ကတ်နှင့် အိမ်ထောင်စုစာရင်းပြုလုပ်ရာတွင် ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းဟောပြောခြင်း၊ မြို့နယ်ပြည်တွင်းအခွန်ဦးစီးဌာန မြို့နယ်အခွန်ဦးစီးမှူး ဒေါ်သီတာမိုးမှအခွန်အကြောင်းသိကောင်းစရာများအား ဟောပြောခြင်း၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး အုပ်ချုပ်ရေးမှူး ဦးသန်းစိုးမှ ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့်ရေစီးရေလာကောင်းမွန်ရေးနှင့် မြို့သန့်ရှင်းသာယာ လှပရေးဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းပြောကြားကြပြီး တက်ရောက်လာသည့် ရပ်ကွက်နေပြည်သူများမှ သိလိုသည်များအား မေးမြန်းကြရာသက်ဆိုင်ရာ တာဝန်ရှိသည့် ဌာနများမှ ပြန်လည်ရှင်းလင်းခဲ့ကြသည်။
ထိုအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား ၁၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်ဝင်း(ပြန်/ဆက်)