သံတမန်တွေ့ဆုံပွဲ (Diplomatic Coffee Morning) ကျင်းပ

ရန်ကုန ​မေ ၁၇

နိုင်ငံခြားရေးဝန်ကြီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ သံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံသည့် သံတမန်တွေ့ဆုံပွဲ (Diplomatic Coffee Morning) တစ်ရပ်ကို ယမန်​နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးကိုကိုကျော် တက်ရောက်ခဲ့ပြီး ဒုတိယဝန်ကြီးက ယနေ့တွေ့ဆုံမှုကို နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံရုံးများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများအကြား ချစ်ကြည်ရင်းနှီးသော ထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု များပိုမိုခိုင်မာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်းနှင့် ပုံမှန်ကျင်းပနိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံတွင် ၂၀၂၆ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှစတင်၍ ပြည်သူများက ဒီမိုကရေစီနည်းလမ်းဖြင့် ရွေးချယ်တင်မြှောက်ထားသော အစိုးရတာဝန်ယူ ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာဆက်ဆံရေးကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေမှု၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများ ပိုမိုထိရောက်အောင်မြင်နိုင်ရေးအတွက် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် အပြုသဘော ကူညီပံ့ပိုးပေးမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

အဆိုပါပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့(MISIS) ဥက္ကဋ္ဌနှင့် မြန်မာသံအမတ်ကြီးဟောင်းများ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ သံတမန်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း ကိုယ်စားလှယ် (၅၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

အဆိုပါပွဲတွင် မြန်မာ့ကော်ဖီနှင့် မြန်မာနံနက်ခင်း စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)