ကျောက်မဲမြို့နယ်တွင် လက်နက်ကြီးထိမှန်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ် ၆၀ လုံးနှင့် မိသားစုဝင်များအတွက် တာဝန်ရှိသူများက ထောက်ပံ့ငွေများ သွားရောက်ပေးအပ်

ကျောက်မဲ  ဇန်နဝါရီ  ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ တော့ဆန်ကျေးရွာအုပ်စု၊ တော့ဆန်(ရွာမ) ကျေးရွာတွင် ဇန်နဝါရီလ (၆)ရက်နေ့က လက်နက်ကြီးထိမှန်ခဲ့မှုကြောင့် ပျက်စီးသွားသည့် နေအိမ် ၆၀ လုံးနှင့် ၎င်းတို့၏ မိသားစုဝင် (၂၉၇) ဦးတို့အတွက် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးသည့် ပစ္စည်းများနှင့် ငွေများကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်းနှင့် ကျောက်မဲခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဆိုင်ရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသိန်းဝင်းထွဋ်တို့က  ယမန်နေ့က  တော့ဆန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြည်သူ့လက်ဝယ်အရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တော့ဆန် (ရွာမ) ကျေးရွာ၌ လက်နက်ကြီးထိမှန်မှုကြောင့် တစ်စိတ်တစ်ပိုင်းနှင့် ပြိုကျပျက်စီးခဲ့သော လူနေအိမ်(၆၀)လုံးအတွက် ထောက်ပံ့ငွေကျပ်(၅,၇၂၀,၀၀ဝိ/-)၊ ပြိုကျပျက်စီး ခဲ့သော လူနေအိမ်(၅)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၁)မျိုးပါ ပုံး (၅)ပုံးနှင့်  လူဦးရေ (၂၉၇)ဦးအတွက် ၇ရက်စာ ဆန်ရိက္ခာဖိုးငွေကျပ် (၆၂၃,၇၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၆,၃၄၃,၇၀ဝိ/-)ကျပ်ကို  လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း ခရိုင်ဦးစီးမှူး ဦးသိန်းဝင်းထွဋ်၏ ပြောပြချက်အရ သိရသည်။

ကျောက်မဲမြို့နယ်အတွင်း ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်း အတွင်း မကြာခဏ ထိတွေ့ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်တွင် ဒေသခံပြည်သူ (၁၇၁၆)ဦးက တိုက်ပွဲရှောင် စခန်း (၈)နေရာ၌ တိမ်းရှောင်ခိုလှုံနေလျှက်ရှိကြောင်း သိရသည်။

 မိုင်းထွန်း(ပြန်/ဆက်)