တောင်ကြီး မေ ၁၇
ဘောလုံးအားကစားနည်း စနစ်တကျဖွံဖြိုးတိုးတက်ရေး၊ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများ နှင့်အညီ ပြိုင်ပွဲများကျင်းပနိုင်ရေးနှင့် မျိုးဆက်သစ် လူငယ်ကစားသမားများကို စနစ်တကျလေ့ကျင့် ပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်၍ မြို့နယ်ဘောလုံးအဖွဲ့ချုပ်များ ဖွဲ့စည်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မေ ၁၆ ရက်မနက်ပိုင်းက တောင်ကြီးမြို့ ရတနာနန်းတော်ဟိုတယ်၌ ကျင်းပသည်။
ဦးစွာ မြို့နယ်ဘောလုံးအဖွဲ့ချုပ်များဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌ ဦးတင်အောင်(ဂိုး)မှ အမှာစကား ပြောကြားပြီး အားကစားရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးက မြို့နယ်ဘောလုံးအဖွဲ့ချုပ်များ ဖွဲ့စည်းရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစိုးလင်းက မိတ်ဆက်အမှာစကားနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဘောလုံးအဖွဲ့ချုပ်များ၊ ဌာနတာဝန်ခံ ဦးမင်းကြိုင်က ဖွဲ့စည်းရေးဆိုင်ရာလုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားကာ တက်ရောက်လာသူများက သိရှိလိုသည်များအား အပြန်အလှန်ဆွေးနွေးမေးမြန်းကြကြောင်း သိရသည်။
မင်းသန့်(ပြန်/ဆက်)