ပုဇွန်တောင် မေ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသားလူငယ်များအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်ကာ အတတ်ပညာများ သင်တန်းများ ဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါသင်တန်းများဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဦးဇော်မိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူးဆရာမကြီး ဒေါ်လှလှဇံက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်ခဲ့သော အခြေခံအင်္ဂလိပ်သဒ္ဒါသင်တန်း၊ အခြေခံပန်းချီဆေးရောင်ခြယ်နည်းသင်တန်းနှင့်အခြေခံပန်းချီ ရေးဆွဲနည်းသင်တန်းနည်းပြများအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၁)နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၂)တို့မှ ဂါရဝပြုလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ သင်တန်းများတွင် ထူးချွန်ဆုရရှိသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများကဆုများအသီးသီး ချီးမြှင့် ပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းဆင်းပွဲကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စန်းဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၁ ) ဦးစည်သူကြည်မြင့်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၂)ဦးစိုးမြင့်၊ မြို့နယ်ပညာရေးမှူး ဒေါ်လှလှဇံ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းအေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးအသင်းဝင်များ၊ သင်တန်းနည်းပြများနှင့်သင်တန်းသူ/သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဟန်စုယဉ်