မောက်မယ် မေ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့်ပြည်သူ့အကျိုးပြုလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့နှင့် ရပ်မိရပ်ဖများတို့ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသက်နိုင်က ရပ်ရွာအေးချမ်းသာယာရေးနှင့်တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများ၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍများအပါအဝင် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများအနေဖြင့် မိမိတာဝန်ကျရာကဏ္ဍ အလိုက်ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန်၊ ပြည်သူကအားကိုးယုံကြည်ရသော နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ ပြည်သူများအတွက် ဝန်ဆောင်မှုလုပ်ငန်းများအား ကြိုးပမ်းဆောင်ရွက်သွားကြရန် ရှင်းလင်းပြောကြားခဲ့ပြီး မောက်မယ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆိုင်နော်၊ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်အမှတ်(၁) ဦးခွန်ဟန်သိန်းဦးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးလင်းလင်းနိုင်တို့က အမှာစကားများ ပြောကြားသည်။
ဆက်လက်၍ ဌာနဆိုင်ရာများမှ မိမိတို့ဌာနအလိုက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြရာ လွှတ်တော်ကိုယ်စားလှယ်များက ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖများ၏တင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်စွက်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)