မြစ်သား မေ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူများကို ၂၀၂၆-၂၀၂၇ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို တစ်နှစ်လုံး ၁၀၀ ကျပ် အတိုးနှုန်းငါးရာခိုင်နှုန်းဖြင့် သီးနှံပေါ်ချိန်တွင်ချေးငွေများ ပြန်လည်ပေးဆပ်ရန် စည်းကမ်းချက်နှင့်အညီ ထုတ်ချေးပေးခြင်းကို မေ ၁၅ ရက်နေ့မှစတင်၍ စက်တင်ဘာလကုန်အထိ အဆိုပါဘဏ်ခွဲ၌ တစ်မြို့နယ်လုံးအတွက် ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ရှေးဦးစွာ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်းနှင့်ပတ်သက်၍ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်မန်နေဂျာ ဒေါ်ချောစုလှိုင်က ယခင်နှစ်ချေးငွေကြွေးကျန် အားလုံး ပြန်လည်ပေးဆပ်ပြီးသော တောင်သူများကိုသာ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးစရိတ်ချေးငွေများ တိုးမြှင့်ထုတ်ပေးမည်ဖြစ်ကြောင်း၊ ချေးငွေထုတ်ယူမည့်တောင်သူ များအနေဖြင့် ပုံစံ (၇) အာမခံအပေါင်ရယူပြီး ကျေးရွာအလိုက်ဖွဲ့စည်းပေးထားသည့် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ စိစစ်ရေးအဖွဲ့၏ ထောက်ခံချက်၊ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးပြီးမှသာ ချေးယူခွင့်ရရှိမည်ဖြစ်ကြောင်းရှင်းလင်း ပြောကြားသည်။
ထို့နောက် မြို့နယ်အတွင်းရှိ လက်ခုပ်ကုန်းကျေးရွာအုပ်စု၊ ပုဏ္ဏားရွာကျေးရွအုပ်စု ၂ အုပ်စုရှိ မိုးရာသီစိုက်ပျိုးဧက စပါးဧက ၂၆၇ ဧက၊ တစ်ဧကလျှင်သုံးသိန်းနှုန်း၊ နှမ်းတစ်ဧကအတွက် နှစ်သိန်းခွဲနှုန်းဖြင့် ချေးငွေပေါင်း စုစုပေါင်းချေးငွေ ၈၀၃.၅၀သိန်း မိုးရာသီစိုက်ပျိုးစရိတ် ထုတ်ချေးပြီးဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ဝါဝါမြင့်(မြစ်သား)