တာမွေ မေ ၁၆
မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း (ရန်ကုန်တိုင်း)တို့၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရန်ကုန်အရှေ့ပိုင်းခရိုင် သာသနာနုဂ္ဂဟအသင်းတို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သော နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က အဆိုပါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး သာသနာနုဂ္ဂဟအသင်း ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ဦးအောင်လင်းနှင့် ဦးမင်းနိုင်တို့က အဖွင့်အမှာစကားနှင့် မုဒိတာစကားများ အသီးသီးပြောကြားခဲ့သည်။ ဆက်လက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက သင်တန်းနည်းပြများအား ဂါရဝပြုလက်ဆောင်ပစ္စည်းများကိုလည်းကောင်း၊ သင်တန်းသား/သူများအား ထူးချွန်ဆုများ၊ သင်တန်းဆင်းလက်မှတ်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီလှူဒါန်းပေးခဲ့ကြသူ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့သည်။ ထို့နောက် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး တက်ရောက်လာကြသူများသည် သင်တန်းသား/သူ များနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
အဆိုပါ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းကို ၂၀၂၆-ခုနှစ် မေလ(၅)ရက်နေ့မှ မေလ(၁၅)ရက်နေ့ အထိ အခမဲ့ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး အနာဂတ်သာသနာ၏ မျိုးဆက်သစ်များဖြစ်သော မြို့နယ် အတွင်းရှိ သားငယ်၊ သမီးငယ် လေးများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်အားလပ်ချိန်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဗုဒ္ဓ၏ ယဉ်ကျေးလိမ္မာမင်္ဂလာတရားများကို ငယ်စဉ်က ပင်ထုံမွေ့၍ အခြေခံခိုင်မာသော ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက် ဖြစ်လာစေရန်၊ ရတနာ မြတ်သုံးပါးနှင့် မိဘဆရာသမားများ၏ ဂုဏ်ကျေးဇူးကို သိရှိနားလည်စေရန်၊ ကိုယ်ကျင့်သီလ တရားကို သင်ယူ၍ အတွေးအမြင် တည်ငြိမ်ရင့်ကျက် ဉာဏ်ရည်ထက်မြက်လာစေရန်၊ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် ပြုမူပြောဆို နေထိုင်တတ်၍ အများအကျိုး၊ နိုင်ငံအကျိုး သယ်ပိုးနိုင်သော လူတော်လူကောင်းများ ဖြစ်လာစေရန်နှင့် မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံများကို သိရှိနားလည်၍ မြတ်နိုးစွာခံယူတတ်စေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ဖွင့်လှစ် သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရသည်။
နိုင်လင်းအောင် (ပြန်/ဆက်)