သုံးခွ မေ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ ကံမြင့်ကျေးရွာတွင် ရက် ၁၀၀ စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ကွင်းဆင်းဆောင်ရွက်ခြင်း၊ ဂရန်လျှောက်လွှာများ ပေးအပ်ခြင်းနှင့် လက်ခံခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂)နာရီက ကံမြင့်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ သန်လျင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြို့ဆောင်က ကံမြင့်ကျေးရွာသည် မူလရွာမြေ (၅.၀၅)ဧကမှ မြေငှားဂရန်ထုတ်ပေးရမည့် ခန့်မှန်းအိမ်ခြေမှာ (၁၄၆)အိမ်ခြေရှိကြောင်း စိစစ်တွေ့ရှိရပါကြောင်း၊ အဆိုပါ (၁၄၆)အိမ်ခြေကို သက်မှတ်ချက်များနှင့်အညီ စိစစ်ပြီး ဂရန်ထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။ ယင်းနောက် ကျေးရွာဂရန်လျှောက်လွှာပုံစံများအား လက်ထောက်ညွှန်ကြားရေးမှူးမှ ကံမြင့်ကျေးရွာအုပ်စု ကျေးရွာနေပြည်သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးနှင့် အဖွဲ့သည် မြေငှားဂရမ်လျှောက်လွှာများ ဆောင်ရွက်နေမှုအခြေနေများအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စည်သူလင်း(ပြန်/ဆက်)