လှိုင် မေ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းပိုင်သားဖွားခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ရန်ကုန်တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မရမ်းကုန်းခရိုင်/မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ လှိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝေဆင့်ကျော်နှင့် ဝန်ထမ်းများ၊ ကိုယ်ဝန်ဆောင်မိခင်များ တက်ရောက်ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝေဆင့်ကျော်က သားဆက်ခြားနည်းလမ်းများအကြောင်း အသိပညာပေး ဟောပြောခဲ့ပြီး တာဝန်ရှိသူများက ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရဖြည့်စွက်စာများနှင့် ထောက်ပံ့ငွေများပေးအပ်၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဇော်ဇော်နိုင်(ပြန်/ဆက်)