လမ်းမတော် ဧပြီ ၇
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိလူထုအခြေပြုဗဟိုဌာန Community Centre တွင် နွေရာသီကျောင်းပိတ်ရက်ကာလတွင် ကလေးသူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် စာရိတ္တမြင့်မားရေးနှင့် ဘာသာရေးအခြေခံကောင်းမွန်စေရန်ရည်ရွယ်လျက် ယဉ်ကျေးလိမ္မာအခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါရုံး လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်စိန်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ အမှာစကားနှင့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်းမှ ဆရာတော်ဦးသုနန္ဒက မုဒိတာစကားပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာ ဦးနွဲ့မြင့်သိန်းက သင်တန်းတွင်ပို့ချမည့် သင်ခန်းစာများနှင့်ပတ်သက်၍ မိတ်ဆက်စကားပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ လမ်းမတော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၂၀)ဦး တက်ရောက်သင်ယူခဲ့ကြပြီး သင်တန်းကာလကို ဧပြီလ (၇)ရက်နေ့မှ (၂၉)ရက်နေ့အထိ နံနက် (၉) နာရီမှ (၁၁) နာရီအထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး၊ သင်တန်းသား၊ သင်တန်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသ စာအုပ်၊ စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဒေါ်တင်တင်စိန်