မူဆယ် ဇန်နဝါရီ ၁၈
မြန်မာနိုင်ငံဘက်၌ အကျဉ်းကျခံရသော တစ်ဖက်နိုင်ငံ၊ တရုတ်နိုင်ငံသား အကျဉ်းသားများကို ပြန်လည်လွှဲပြောင်းပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းရေးအတွက် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် တရုတ်နိုင်ငံ၊ နယ်စပ်အာဏာပိုင်များ၏ တောင်းဆိုချက်အရ မူဆယ်မြို့၊ နန်းတော်ဂိတ်ရှေ့၊ နန်းတော်ကုန်းတိုက်ကွင်းပြင်ကို ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေး စခန်းအဖြစ် ယာယီထားရှိအသုံးပြုလျက်ရှိသည်။
မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်းပေးမည့် တရုတ်နိုင်ငံသား၊ အကျဉ်းသား စုစုပေါင်း(၁၃)ဦး၏ (Swab)နမူနာရယူခြင်းကို ယနေ့နံနက်(၉)နာရီအချိန်၌ မူဆယ်မြို့၊ နန်းတော်ကုန်းတိုက်ကွင်းပြင်တွင် စတင်ဆောင်ရွက်နေပြီဖြစ်သည်။
တရုတ်နိုင်ငံဘက်မှ မူဆယ်မြို့၊ နန်းတော်ကုန်းတိုက်ကွင်းပြင်သို့ လာရောက်၍ အကျဉ်းကျခံရသော တရုတ်နိုင်ငံသားများ၏ (Swab)နမူနာရယူပြီး ရောဂါကူးစက်ခံထားရမှု ရှိ/မရှိတို့ကို ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပြီး ရောဂါကင်းရှင်းမှသာလျှင် အကျဉ်းသားများကို ပြန်လည်လွှဲပြောင်း လက်ခံမည်ဖြစ်သည်။ အဆိုပါ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပြီးနောက် နန်းတော်ကုန်းတိုက်ကွင်းပြင်အား စနစ်တကျပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။
မူဆယ်မြို့၊ နန်းတော်ကုန်းတိုက်ကွင်းပြင်အား ရောဂါစစ်ဆေးရေးစခန်းအဖြစ် ယာယီထားရှိမည့် အကြောင်းနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို ယမန်နေ့၊ မွန်းလွဲ(၂)နာရီအချိန်ခန့်က မူဆယ်မြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရိန်ဦးဆောင်သည့် ဌာနဆိုင်ရာများ၊ မူဆယ်ခရိုင်၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ဟန်နိုင်စိုး၊ မြန်မာ-တရုတ် ချစ်ကြည်ရေး ဥက္ကဋ္ဌ ဦးရှင်ဖူးနှင့် တရုတ်နိုင်ငံ၊ ရွှေလီမြို့၊ ဒုတိယမြို့တော်ဝန် မစ္စတာရန်မှုန်၊ ရွှေလီမြို့၊ ကျန်းမာရေးဌာနမှ ဌာနမှူးမစ္စရှောက်ရွဲ့ရန်နှင့်အဖွဲ့တို့က လာရောက်ကြည့်ရှုခဲ့ပြီး ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)