အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပန်ကြပ်ဆီလတ်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ပန်ကြပ်ဆီလတ်နည်းပြသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ရန်ကုန် မေ ၁၆

အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ပန်ကြပ်ဆီလတ်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ပန်ကြပ်ဆီလတ်နည်းပြသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျိုက္ကဆံ အားကစားကွင်းရှိ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ပြည်ထောင်စုခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပန်ကြပ်ဆီလတ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲမြင့်၊ အထွေထွေအတွင်းရေးမှူး ဒေါ်ခင်လေးမွန်နှင့်အမှုဆောင်များ၊ သင်တန်းနည်းပြ ဆရာ/ဆရာမများနှင့် သင်တန်းသား /သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာအားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်း သားများအား တစ်ဦးချင်း သင်တန်းဆင်း လက်မှတ်များပေးအပ်ချီးမြှင့်၍လည်း‌ကောင်း၊ မြန်မာနိုင်ငံပန်ကြပ်ဆီလတ်အဖွဲ့ချုပ် ဥက္ကဋ္ဌဦးရဲမြင့်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းတို့က သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် တိုင်းဒသကြီးနှင့် ပြည်နယ်ပန်ကြပ်ဆီလတ်ပြိုင်ပွဲ၏ ဥပဒေ၊ နည်းစနစ်၊ အမှတ်ပေး စည်းမျဉ်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှာရှိသော နည်းပြများ၊ အားကစားသမားများ သိရှိကျွမ်းဝင်ပြီး ပြိုင်ပွဲတွင် အောင်မြင်မှုရရှိရေး၊ အရည်အသွေးပြည့်ဝသောနည်းပြများ ထပ်မံပေါ်ထွက်လာရေးနှင့် နိုင်ငံတော်အတွက် ဂုဏ်ဆောင်နိုင်သည့် မျိုးဆက်သစ်အားကစားသမားကောင်းများ မွေးထုတ်ပေးရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်သည့်သင်တန်းဖြစ်ရာ အဆိုပါသင်တန်းကို ဧပြီလ ၂၇ ရက်နေ့မှ မေလ ၁၅ ရက်နေ့အထိ တိုင်းဒေကြီးနှင့်ပြည်နယ်အသီးသီးမှ သင်တန်းသား၊ သင်တန်းသူ ၂၆ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)