မြစ်သား မေ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးကောင်း မျိုးသန့်သုံးစွဲနိုင်ရေး၊ မြေဆီဩဇာထက်သန်ရေးလိုက် နာဆောင်ရွက်ရမည့် အချက်များနှင့် ပန်းတိုင်အထွက် နှုန်းရရှိစေရန်ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) ပန်းတိုင်အထွက်နှုန်းရရှိစေရေး တောင်သူစိုက်ပျိုးရေး နည်းပညာပေးဆွေးနွေးပွဲနှင့် သွင်းအားစုပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က သစ်တက္ကုန်းကျေးရွာ၊ အုပ်ချုပ် ရေးမှူးနေအိမ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်အတွင်း ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) ပန်းတိုင်အထွက်နှုန်းရရှိစေရေး တောင်သူ စိုက်ပျိုးရေးနည်းပညာပေးဆွေးနွေးပွဲနှင့် သွင်းအားစု ပေးအပ်ပွဲ အခမ်းအနား ဆောင်ရွက်ရာတွင် စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးမင်းနိုင်က မျိုး၊ မြေ၊ ပိုး နည်းစနစ်စသည့် အချက်များကို အခြေခံကာတောင်သူ များအားပညာပေးခြင်း၊ သတ်မှတ်ထားသည့် သီးနှံများ ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းရရှိရေးအတွက် သွင်းအားစုပစ္စည်းများ ပေးအပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် တောင်သူများကို သွင်းအားစုပစ္စည်းများဖြစ်သော ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ရွက်ဖြန်း ဆေး၊ မြေပဲ၊ နှမ်း၊ နေကြာမျိုးစေ့များကိုပေးအပ်ခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝါဝါမြင့်(မြစ်သား)