ကျောက်မဲမြို့နယ်၌ မိုးရာသီမျိုးသန့်ပွားတောင်သူများနှင့် အကျိုးဆောင် စံပြတောင်သူများအား စိုက်ပျိုးသီးနှံမျိုးစေ့များ ထောက်ပံ့ပေးအပ်

ကျောက်မဲ မေ ၁၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်အတွင်း တောင်သူများ၏ သီးနှံအလိုက် အထွက်နှုန်းတိုးတက်မြင့်မားရေးအတွက်ရည်ရွယ်၍ ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးရာသီ မျိုးသန့်ပွားများထုတ်လုပ်မည့် တောင်သူများနှင့် အကျိုးဆောင်စံပြတောင်သူများအား မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျောက်မဲခရိုင် စိုက်ပျိုးရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျောက်မဲခရိုင် စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် တောင်သူများအနေဖြင့် သီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်းစနစ် (၄)ခုကို စနစ်တကျမှန်ကန်စွာ အသုံးချစိုက်ပျိုးရန်လိုအပ်ကြောင်းနှင့် ယခုထောက်ပံ့သည့် မျိုးသန့်မျိုးစေ့များကို စိုက်ပျိုးထုတ်လုပ်ပြီးပါက အရည်အသွေးထိန်းသိမ်းခြင်း၊ တောင်သူအချင်းချင်း မျိုးဖလှယ်ခြင်းနှင့် မျိုးစေ့ဖြန့်ဖြူးခြင်းလုပ်ငန်းများကို လိုက်နာဆောင်ရွက်ခြင်းဖြင့် ဒေသတွင်း မျိုးကောင်းမျိုးသန့် လုံလောက်စွာ ပြန့်ပွားလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး (လက်ထောက်ညွှန်ကြားရေးမှူး) ဦးဝင်းထင်စိုးက မိုးရာသီသီးနှံအလိုက် မျိုးကောင်းမျိုးသန့် မျိုးစေ့များ ထောက်ပံ့ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် ခရိုင်နှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကျောက်မဲမြို့နယ်အတွင်းရှိ မိုးရာသီ မျိုးသန့်ပွားများထုတ်လုပ်မည့် တောင်သူများနှင့် အကျိုးဆောင်စံပြတောင်သူ ၃၀ ဦးအတွက် သီးနှံအလိုက် မျိုးစေ့များကို ထောက်ပံ့ပေးအပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်ဇော်နှင့် တာဝန်ရှိသူတို့က လယ်စပါး (DU-12)၊ ယာစပါး၊ အစေ့ထုတ်ပြောင်း၊ ပဲပုပ်၊ နေကြာ၊ မြေပဲနှင့် ပိုက်ဆံလျှော်အပါအဝင် သီးနှံမျိုးစေ့စုစုပေါင်း ၁၃၈ ဧကစာအတွက် မျိုးစေ့များကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။ တောင်သူများကိုယ်စား တောင်သူဦးအောင်ကျော်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာနမှ တက်ရောက်လာကြသည့် တောင်သူများအတွက် ဌာနထုတ် စိုက်ပျိုးရေးဆိုင်ရာနည်းပညာပေး လက်ကမ်းစာစောင်များနှင့်အတူ အမှတ်တရအင်္ကျီနှင့် ဦးထုပ်များကို လက်ဆောင်အဖြစ် ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်