မော်လမြိုင် မေ ၁၆
ပြည်သူ့အတွက် ပထမရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်သည့် ပြီးပြည့်စုံသော အရေးပေါ်သားဖွားခြင်းနှင့် မွေးကင်းစကလေး ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ ပြည်နယ်အဆင့် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း တက်ရောက်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်တွင် တစ်မျိုးသားလုံးသက်ရှည် ကျန်းမာစေရန်နှင့် ပြည်သူလူထုတစ်ရပ်လုံး၏ ကျန်းမာရေးအဆင့်အတန်းမြင့်မားစေရန် အစဉ်တစိုက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ မိခင်နှင့်ကလေးသေဆုံးမှု ကျဆင်းရေးကိုလည်း အရေးပါသောအခန်းကဏ္ဍအဖြစ် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများကို လူတိုင်းလက်လှမ်းမီရရှိစေရန်အတွက် ပြည်သူလူထုအဆင့်မှသည် ပဏာမကျန်းမာရေး စောင့်ရှောက်မှု အဆင့်၊ ဆေးရုံ၊ ဆေးခန်းအဆင့်စသည်ဖြင့် ကျန်းမာရေးစနစ်အဆင့်ဆင့်တွင် အရည်အသွေးပြည့်ဝသည့် မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တစ်ဦးတစ်ယောက်မျှ ကျန်ရှိနေခြင်းမရှိဘဲ လူတိုင်းလက်လှမ်းမီရရှိရန် ကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့မြင်ကြရမှာဖြစ်ကြောင်း၊ မိခင်သေဆုံးမှုနှင့် ကလေးသေဆုံးမှုများဖြစ်စေသော ကာကွယ်နိုင်သည့် အကြောင်းအရင်းများအား ထိန်းချုပ်နိုင်မည်ဆိုလျှင် မျှော်မှန်းလူ့သက်တမ်း တိုးတက်လာမှာဖြစ်တဲ့အတွက် မိခင်နှင့်ကလေးသေဆုံးမှု လျှော့ချရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ပေးကြပါလို့ အထူးတိုက်တွန်းလိုကြောင်းနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်လိုကြောင်း အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့သည်။
အဆိုပါပြီးပြည့်စုံသော အရေးပေါ်သားဖွားခြင်းနှင့် မွေးကင်းစကလေး ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ ပြည်နယ်အဆင့်သင်တန်းကို မေလ၁၈ရက်နေ့မှ ၂၂ ရက်နေ့အထိ တစ်ကြိမ်၊ မေလ ၂၅ရက်နေ့မှ ၂၉ ရက်နေ့အထိ တစ်ကြိမ်၊ တိုက်နယ်ဆရာဝန် (၁၆)ဦးအား နှစ်သုတ်ခွဲ၍ အမျိုးသမီးနှင့်ကလေးဆေးရုံကြီးမှ သားဖွားမီးယပ်အထူးကုဆရာဝန်များ၊ ကလေးအထူးကု ဆရာဝန်များ၊ မေ့ဆေးအထူးကုဆရာဝန်နှင့် ရောဂါဗေဒအထူးကုဆရာဝန်တို့မှ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပညာရေးဝန်ကြီးဌာနနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ၂ဝ၂၆ ခုနှစ်၊ မွန်ပြည်နယ်၊ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံ စာတတ်မြောက်ရေးလုပ်ငန်း သင်ယူပြီးမြောက်ခြင်း အထိမ်းအမှတ် ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ဦးစွာ မော်လမြိုင်မြို့နယ်မှ ဆရာ၊ ဆရာမများက “စာတတ်မြောက်ရေး လူတိုင်းအရေး” ဂုဏ်ပြု တေးသီချင်းဖြင့် သီဆိုဂုဏ်ပြုခဲ့ကြပြီး မွန်ပြည်နယ် ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများ စာတတ်မြောက်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ပညာရေးဝန်ကြီးဌာနနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ပြည်နယ်အတွင်းရှိ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ (၇၈၄၁) ဦးအတွက် စဉ်ဆက်ပညာရေးလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊သထုံမြို့နယ်၊ ပေါင်မြို့နယ်၊ မော်လမြိုင်မြို့နယ်၊ ချောင်းဆုံမြို့နယ်၏ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ သင်ကြားပေးရာတွင် မြေပြင် မှာတွေ့ရှိရမည့်အခက်အခဲများကို ဦးဆောင်ဖြေရှင်းပေးကာ ကျောင်းတွင်းပညာရေးနှင့် ကျောင်းပြင်ပပညာရေးများကို ချိတ်ဆက်ပြီး ကျောင်းနေအရွယ်ကလေးများ ကျောင်းနေရေးနှင့် ကျောင်းနေအရွယ်လွန် နိုင်ငံသားများအတွက် သက်ကြီး စာတတ်မြောက်ရေးလုပ်ငန်းများကို တပြိုင်နက်ထဲဖြစ်ထွန်းအောင် ဆောင်ရွက်ခဲ့ကြကြောင်း၊ ပြည်နယ်အတွင်း ကျေးလက်ဒေသနေ ပြည်သူများနှင့်တိုင်းရင်းသားပြည်သူများ အခြေခံ စာတတ်မြောက်ရေး လုပ်ငန်းသင်ယူပြီးမြောက်အောင်မြင်စေရန် မြို့နယ်အလိုက် စာသင်ဝိုင်းများတွင် ထိရောက်စွာ အကျိုးရှိအောင် စည်းရုံးသင်ကြားပေးနိုင်သည့် စေတနာ လုပ်အားပေး နည်းပြ၊ ကြီးကြပ်များနှင့် မြို့နယ်အသီးသီးမှ ကော်မတီဝင် တာဝန်ရှိပုဂ္ဂိုလ်များ အားလုံးကို လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ၂ဝ၂၆ ခုနှစ်၊ မွန်ပြည်နယ်၊ မြို့နယ် (၄) မြို့နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို ပံ့ပိုးကူညီဆောင်ရွက်ခဲ့သော မွန်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စားပြည်နယ်လူမှုရေးရာဝန်ကြီးအားလည်းကောင်း၊ မွန်ပြည်နယ်ပညာရေးမှူးရုံးကိုယ်စား ပြည်နယ်ပညာရေးမှူးတို့အားလည်းကောင်း ဂုဏ်ပြုမှတ်တမ်း လွှာများ ပေးအပ်ခဲ့သည်။
ယင်းနောက် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက မြို့နယ် (၄) မြို့နယ် အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းတွင် စေတနာဖြင့် လုပ်အားပေးဆောင်ရွက်ခဲ့ကြသည့် မြို့နယ် ကိုယ်စားပြုနည်းပြနှင့် ကြီးကြပ်များကိုယ်စား ကိုယ်စားလှယ် (၂) ဦးအား ဂုဏ်ပြု လက်မှတ်များပေးအပ်ခဲ့ပြီး ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်ထွန်းက ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် ကျောင်းပြင်ပပညာရေး ကဏ္ဍများနှင့် စပ်လျဉ်း၍ အကျဉ်းချုပ်ရှင်းလင်းတင်ပြခဲ့ကာ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် သင်ယူတက်ရောက်ခဲ့သည့် စာသင်သားများကိုယ်စား စာသင်သား (၂) တို့အား သင်ယူ ပြီးမြောက်ကြောင်း လက်မှတ်များပေးအပ်ခဲ့ပြီးစာသင်သားများကိုယ်စား စာသင်သား(၁)ဦးက စာတတ်မြောက်လာခြင်းနှင့်စပ်လျဉ်း၍ ဝမ်းမြောက်ဂုဏ်ယူကြောင်းနှင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)