မိုင်းကိုင်မြို့နယ်၌ မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးခြင်းနှင့် ကျွဲ၊ နွား ရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေး

မိုင်းကိုင် မေ ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် နိုင်ငံတော်အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် မြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးခြင်းနှင့် ကျွဲ၊ နွား ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခြင်းလုပ်ငန်းကို မေလ ၁၅ ရက်နေ့မနက်ပိုင်းက ဆင်ခြေဖုန်းရှေ့ကျေးရွာအုပ်စု၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာအောင်ဇော်လင်းနှင့် ဝန်ထမ်းများသည် ဆင်ခြေဖုန်းရှေ့ကျေးရွာအုပ်စု၊ မတ်လန်းဘုန်းတော်ကြီးကျောင်း၌ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ကြသော ကျေးလက်နေတောင်သူများနှင့်တွေ့ဆုံပြီး ကျွဲ၊ နွားများတွင် ဖြစ်ပွားတတ်သောရောဂါများ၊ လည်ချောင်းကွဲရောဂါနှင့် ပေါင်ပုတ်၊ လက်ပုတ်ရောဂါလက္ခဏာများအား ကြိုတင်ကာကွယ်ရမည့် အကြောင်းအရာများအကြောင်းကို အသိပညာပေးဟောပြောပြီး မွေးမြူရေးခြံများတွင် အသုံးပြုနိုင်ရန်အတွက် ရောဂါကာကွယ်သည့် ပိုသတ်ဆေးဗူးနှင့် ဆေးမှုန့်များကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံ ပေးအပ်ခဲ့သည်။

ထို့နောက် ဆင်ခြေဖုန်းရှေ့ကျေးရွာအုပ်စု၊ နောင်ကန့်ကျေးရွာနှင့် ဖောင်းမိန်းကျေးရွာအတွင်းရှိ ကျွဲ၊ နွား မွေးမြူရေးခြံများသို့ကွင်းဆင်း၍ ကျွဲ၊ နွားလည်ချောင်းကွဲရောဂါနှင့် ပေါင်ပုတ်၊ လက်ပုတ်ရောဂါ ကာကွယ်ဆေးများကို အခမဲ့ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

ချော (မိုင်းကိုင်)