ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်

ဟိုပုံး မေ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ခြင်း အခမ်းအနားကို မေလ (၁၅) ရက် နံနက် (၁၀) နာရီအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေး နှစ်အတွက် ဒေသန္တရစီမံကိန်းများအား ရေး ဆွဲအတည်ပြုပြီးဖြစ်၍ တာဝန်ပေးအပ်ခြင်းကို သာမန်လုပ်ရိုးလုပ်စဉ် သဘောမထားဘဲ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးခြားလေးနက်သည့် လုပ်ငန်းတာဝန်များအဖြစ် ခံယူဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ စီမံကိန်းပါလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စောင့်ကြည့်သုံးသပ်ခြင်းနှင့် အကဲဖြတ်ခြင်းတို့ဖြင့် လျာထားချက်အတိုင်း အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားရမှာဖြစ်ပြီး ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျသုံးစွဲနိုင်ရေး အဆင့်ဆင့်ကြီးကြပ် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေအား ထိထိရောက်ရောက် အကျိုးရှိစွာသုံးစွဲနိုင်ရေး လွန်စွာအရေးကြီးပြီး ဆောင်ရွက်သည့်လုပ်ငန်းများ အရည်အသွေးပြည့်မီစေရေး၊ လုပ်ငန်းပမာဏနှင့်ညီမျှသည့် ဘဏ္ဍာငွေကြေးသုံးစွဲမှုဖြစ်စေရေး အလေးထား ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ယခင်ဘဏ္ဍာရေးနှစ်အတွင်းစီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အားနည်းချက်၊ အားသာချက်များကိုသုံးသပ်ပြီး ကြိုတင်ပြင်ဆင်ရမည့် ကိစ္စရပ်များကို စိစစ်သုံးသပ်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်အောင် ပိုမိုကြိုးစားအားထုတ်လုပ်ဆောင်သွားကြရန် ပြောကြားသည်။

ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့၏ ဒေသန္တရစီမံကိန်းရည်မှန်းချက်များအား ဟိုပုံးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခွန်သိန်းရွှေကိုလည်းကောင်း၊ ဆီဆိုင်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခွန်ကျော်ရန်ကိုလည်းကောင်း၊ ပင်လောင်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်တို့ကို လုပ်ငန်းတာဝန်များ အားပေးအပ်ခဲ့သည်။ ယင်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌက ဒေသန္တရစီမံကိန်းရည်မှန်းချက်တွင် ပါဝင်သော လယ်ယာကဏ္ဍကြီးအတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စိုက်ပျိုးရေးဦးစီးဌာန ဒေသဦးစီးမှူးကိုလည်းကောင်း၊ စက်မှုကဏ္ဍကြီးအတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ဒေသဦးစီးမှူးကိုလည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍကြီးအတွက် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပညာရေးမှူးရုံးမှ ဒေသပညာရေးမှူးကိုလည်းကောင်း ပေး အပ်ခဲ့ကြသည်။

ထို့နောက် ဟိုပုံးမြို့နယ်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက် များအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီး၊ ဝန်ဆောင်မှုကဏ္ဍကြီးတို့အတွက် တာဝန်ရှိသူများကိုလည်းကောင်း၊  ဆီဆိုင်မြို့နယ်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီး၊ ဝန်ဆောင်မှုကဏ္ဍကြီးတို့အတွက် တာဝန်ရှိသူများကိုလည်းကောင်း၊ ပင်လောင်းမြို့နယ်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီး၊  ဝန်ဆောင်မှုကဏ္ဍကြီး တို့အတွက် တာဝန်ရှိသူများကိုလည်းကောင်း၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ခဲ့ပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံကိန်းရေးဆွဲ ရေးဦးစီးဌာနမှ ဒေသဦးစီးမှူး ဒေါ်ချိုချိုရဲဝင်းမှ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းအားရှင်းလင်းတင်ပြရာ တက်ရောက်လာသည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကဏ္ဍအလိုက် စီမံကိန်းရည်မှန်းချက်များကို လျာထားချက် ပြည့်မီကျော်လွန်ပြီး လက်တွေ့အောင် မြင်အောင် ဆောင်ရွက်ရန်နှင့် နိုင်ငံတော်က ချမှတ်ထားသည့်မူဝါဒများ၊ လမ်းညွှန်ချက်များ နှင့်အညီ အားလုံးကဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များတွင် တိုးတက်မှုနှုန်းအနေဖြင့် ပုံမှန်ဈေးနှုန်းအရ လယ်ယာကဏ္ဍကြီးတွင် ၂ ဒဿမ ၇ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍကြီးတွင် ၃ ဒဿမ ၁ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍကြီးတွင် ၃ ဒဿမ ၄ ရာခိုင်နှုန်းတိုးတက်ရန် ရည်မှန်းထားကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)