တောင်ကြီး မေ ၁၆
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေသည် ငါးလုပ်ငန်းဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာန ရှမ်းပြည်နယ်အတွင်းရှိ ဝန်ထမ်းများအား မေလ(၁၅)ရက်နေ့၊ မွန်းလွဲပိုင်းက သွားရောက်တွေ့ဆုံအားပေးသည်။
ဦးစွာပြည်နယ်ဝန်ကြီးက ငါးလုပ်ငန်းဦးစီးဌာန၊ ရှမ်းပြည်နယ်ရုံး အစည်းအဝေးခန်းမ၌ အဖွင့်အမှာ စကားပြောကြားရာတွင် နိုင်ငံတော်အစိုးရ၏ အစိုးရသစ်ကာလ ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက် လျက်ရှိသည့်လုပ်ငန်းများအပေါ် ငါးလုပ်ငန်းဦးစီးဌာန ဝန်ထမ်းများအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ကြိုးပန်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ရေနေသယံဇာတများထိန်းသိမ်းရေး၊ နိုင်ငံအတွင်း ငါးရိက္ခာများ ဖူလုံစွာစဉ်ဆက်မပြတ်စားသုံးနိုင်ရေးနှင့် ငါးမွေးမြူရေးဆိုင်ရာ နည်းပညာများကို ပြည်သူအများအား ဖြန့်ဝေနိုင်ရေးဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် ငါးလုပ်ငန်းဦးစီးဌာနဝန်ထမ်းများက တစ်ဦးချင်းမိတ်ဆက်၍ လုပ်ငန်း ဆောင်ရွက်ချက်များ၊ စီမံချက်များ၊ လျာထားချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ မှာကြား၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးသည် စက်မှုလယ်ယာဦးစီးဌာန၊ ရှမ်းပြည်နယ်အတွင်းရှိ ဝန်ထမ်းများအား စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၄)၊ ကုန်းမြင့်ဒေသလယ်ယာမြေဖော်ထုတ်ရေး စီမံကိန်းတာဝန်ခံရုံးရှိ အစည်းအဝေးခန်းမ၌ ဝန်ထမ်းများအား တွေ့ဆုံအားပေးရာတွင် ပြည်နယ်ဝန်ကြီးက နိုင်ငံတော်အစိုးရ၏ အစိုးရသစ်ကာလ ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းများအပေါ် စက်မှုလယ်ယာဦးစီးဌာန ဝန်ထမ်းများအနေဖြင့် ကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်းကြိုးပန်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ တောင်သူ လယ်သမားများ၏ ဘဝမြှင့်တင်နိုင်ရန် ဦးစီးဌာနအနေဖြင့် တစ်ဖက်တစ်လမ်းမှ ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် စက်မှုလယ်ယာဦးစီးဌာနမှ ဝန်ထမ်းများက တစ်ဦးချင်းမိတ်ဆက်၍ လုပ်ငန်းဆောင်ရွက်ချက်များ၊ စီမံချက်များ၊ လျာထားချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များမှာကြား၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရှိရသည်။
ထက်ဝေ(ပြန်/ဆက်)