စစ်တွေ မေ ၁၅
ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပေးအပ်ပွဲ အခမ်းအနားနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော တောင်သူလယ်သမားများသို့ ၂၀၂၆ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ တောင်သူလယ်သမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်အဖွဲ့သည် ဦးဥတ္တမခန်းမရှေ့၌ ယာယီနေရပ်စွန့်ခွာပြည်သူများနှင့် ဒေသခံပြည်သူများအား စစ်တွေမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားရုံးမှဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြရာ ပြည်နယ်ဦးစီးမှူးက ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ပေးနေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များအား ပြန်လည်ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခန်းမအတွင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက ယနေ့သည် ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူလူထုအနေဖြင့်မင်္ဂလာရှိသည့် နေ့ရက်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် စတင်တာဝန်ထမ်းဆောင်သည့် အချိန်မှစ၍ ပြည်သူလူထုအကျိုးစီးပွားအတွက် အစဉ်တစိုက် ဦးတည်ဆောင်ရွက်လျက်ရှိရာ ပြည်သူလူထု၏ လူမှုစီးပွားဘဝတွင် အရေးပါသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက် နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် နိုင်ငံတော်၏ လုပ်ငန်းတာဝန်များကို စတင်ထမ်းဆောင်သည့်နေ့၌ ပြည်နယ်အစိုးရအဖွဲ့များသို့ တွေ့ဆုံမှာကြားရာတွင် ယခုအစိုးရသည် ပြည်သူလူထု၏ ရွေးချယ်တင်မြှောက်လိုက်သည့်အစိုးရ ဖြစ်သည့်နှင့်အညီ ပြည်သူလူထု၏ အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကောင်းမွန်သည့်အုပ်ချုပ်မှုနှင့် သန့်ရှင်းသည့်အစိုးရ ဖြစ်အောင် ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်၍ ရက်(၁၀၀) အတွင်း ပြည်သူလူထုအတွက် အကျိုးရှိသည့် လုပ်ငန်းများကို ဦးစားပေးအကောင်အထည်ဖော်ဆောင်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း၊ ညွှန်ကြားချက်နှင့်အညီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ရခိုင်ပြည်နယ် ဦးစီးမှူးရုံးအနေဖြင့် ရခိုင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူများလူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးတွင် အရေးပါသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို ပုံမှန်အားဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားရုံးများတွင်သွားရောက် ဆောင်ရွက်ရမည်ဖြစ်သော်လည်း စီမံချက်အနေဖြင့် ပြည်သူလူထုများရှိရာ နေရာအရောက် ကွင်းဆင်းဆောင်ရွက်ခြင်းကြောင့် ပြည်သူလူထုအနေဖြင့် သွားလာရမည့်အချိန်နှင့် ကုန်ကျစရိတ် သက်သာခြင်း၊ လုပ်ငန်းခွင်မပျက် ဆောင်ရွက်နိုင်ခြင်း၊ ONE STOP Service ဖြင့် လျင်မြန်စွာ ဆောင်ရွက်ပေးခြင်းတို့ကြောင့် အချိန်တိုအတွင်း အကျိုးကျေးဇူးများ ရရှိခံစားရမည်ဖြစ်ကြောင်းနှင့် ယနေ့အခမ်းအနားတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၄၂) ကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း (၅၃) စု ပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်တို့က နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုလည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက အိမ်ထောင်စုလူဦးရေစာရင်းများကိုလည်းကောင်း ပေးအပ်ကြပြီး ရပ်မိရပ်ဖ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။ ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါခန်းမ၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော တောင်သူလယ်သမားများသို့ ၂၀၂၆ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အစိုးရအဖွဲ့အနေဖြင့် ရက်ပေါင်း (၁၀၀) အတွင်း ဆောင်ရွက်ပေးသွားမည့်ကိစ္စများအနက် တစ်ခုဖြစ်သော တောင်သူလယ်သမားများကို ချေးငွေ နှုန်းထား တိုးမြှင့်ရေးစီမံချက်အနေဖြင့် ချေးငွေများထုတ်ချေးသွားမည့် အစီအစဉ်ဖြစ်ကြောင်း၊ စပါး၊ ဂျုံ၊ ချည်မျှင်ရှည်ဝါတို့နှင့် ပတ်သက်၍ တစ်ဧကချေးငွေနှုန်းထားသုံးသိန်းအထိလည်းကောင်း၊ အခြားသီးနှံ ၁၈ မျိုးကို နှစ်သိန်းခွဲအထိလည်းကောင်း၊ ပန်းနှမ်း၊ ဆီမုန်ညင်း၊ ဂုန်လျှော်တို့နှင့် ပတ်သက်၍ တစ်သိန်းခွဲ အထိ လည်းကောင်းတိုးမြှင့် ထုတ်ချေးသွားမည်ဖြစ်ကြောင်း၊ ယနေ့ချေးငွေပေးအပ်ပွဲသည် အကြောင်းကြောင်း ကြောင့် ရပ်နားနေခဲ့သည့် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ပြန်လည်စတင် ထုတ်ချေးနိုင်သော မင်္ဂလာရှိသည့် အခမ်းအနားဖြစ်ကြောင်း၊ ယနေ့ချေးငွေထုတ်ချေးပေးရာတွင် စစ်တွေ မြို့နယ်သက္ကေပြင်ရွာမကျေးရွာမှ တောင်သူလယ်သမား(၈၇) ဦး၏ စပါးသီးနှံစိုက်ပျိုးဧက ၄၄၁ ဧကအတွက် စိုက်ပျိုးစရိတ် ချေးငွေ ၁၃၂၃ သိန်းကို တောင်သူတစ်ဦးချင်းသို့ ထုတ်ချေးပေးသွားမည်ဖြစ်ပြီး နောက်ရက်များတွင်လည်း ကျန်ရှိသည့်တောင်သူများကို ဆက်လက်၍ ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း၊ ယခုချေးငွေများကို လယ်ယာစိုက်ပျိုးရေးလုပ်ငန်းထဲသို့ ထိထိရောက်ရောက် အသုံးပြုဆောင်ရွက်သွားရန် တိုက်တွန်း ပြောကြားလိုကြောင်းနှင့် သီးနှံပေါ်ချိန် သတ်မှတ်ကာလတွင် အကျေအလည် ပြန်လည်ပေးဆပ်ခြင်းဖြင့် ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေများကို စိုက်ပျိုးချိန်အမီ ရရှိနိုင်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးကြစေလိုကြောင်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တောင်သူ ဦးကြီးများအား စိုက်ပျိုးစရိတ်ချေးငွေများ ပေးအပ်ကြပြီး တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခန်းမအတွင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ဝန်ထမ်းများက စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးနေမှုကို ကြည့်ရှုအားပေးကာ တောင်သူဦးကြီးများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က မေ ၁၄ ရက်ညနေပိုင်းက စစ်တွေမြို့ပေါ်ရှိ ယာယီ နေရပ်စွန့်ခွာပြည်သူများ နေထိုင်လျက်ရှိသော ဘုန်းတော်ကြီးကျောင်းများဖြစ်သော ရွာကြီးမြောက် ရပ်ကွက်၊ ဓမ္မရိပ်သာဘုန်းတော်ကြီးကျောင်း၊ ပြည်တော်သာရပ်ကွက် ဗုဒ္ဓေါမော် ဘုန်းတော်ကြီးကျောင်း၊ သုခိတာရုံဘုန်းတော်ကြီးကျောင်းနှင့် ဓညဝတီရပ်ကွက် ဓမ္မာရာမဘုန်းတော်ကြီးကျောင်းများသို့ သွားရောက် ၍ ယာယီနေရပ်စွန့်ခွာပြည်သူများ အေးချမ်းစွာနေထိုင် စားသောက်နိုင်ရေးအတွက် လူနေဆောင်များ၊ ထမင်းချက်ဆောင်များနှင့် ရေအိမ်များဆောက်လုပ်နိုင်ရေး ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးသို့ သွားရောက်၍ ဒေသကြက်သရုပ်ပြစနစ်တကျမွေးမြူရေးခြံ၊ ဥစားကြက်သရုပ်ပြမွေးမြူရေးခြံတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ဥဖောက်စက်ဖြင့် ကြက်ဥများအားဥဖောက်နေမှု၊ နေဗီယာပတ်ချောင်း မြက်စိုက်ခင်း သရုပ်ပြစိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က မွေးမြူရေး တောင်သူများ စိတ်ပါဝင်စားကာ တိုးချဲ့မွေးမြူထုတ်လုပ်နိုင်ရေး အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်သွားကြရန်မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘုမေကျေးရွာအနီးတွင် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မွေးမြူရေးတောင်သူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး ဓညဝတီရပ်ကွက်ရှိ ပြည်သူများ နွေရာသီရေပြတ်လတ်မှုမရှိစေရေးအတွက် ကန်တော်ကြီးရေပိုက်လိုင်းမှ ရေများအား ဆိုလာစနစ်ဖြင့် စုတ်ယူကာ ဖြန့်ဖြူးပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။
တင်ထွန်း (ပြန်/ဆက်)၊ ဓာတ်ပုံ- ဝင်းမင်းစိုး