တိုက်ကြီးမြို့နယ်၌ စိုက်ပျိုးစရိတ်တိုးမြှင့်ထုတ်ချေးခြင်း၊ ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေနှင့် သဘာဝဓာတ်မြေဩဇာပေးအပ်ခြင်းအခမ်းအနား ကျင်းပ

ရန်ကုန် မေ ၁၅

နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်အပေါ် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ တိုက်ကြီးမြို့နယ်ဘဏ်ခွဲမှ ဆောင်ရွက်သည့် စိုက်ပျိုးစရိတ်တိုးမြှင့်ထုတ်ချေးခြင်း၊ ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေနှင့် သဘာဝဓာတ်မြေဩဇာပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တိုက်ကြီးခရိုင်အတွင်းရှိ တောင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက ၂၀၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်မှုအပေါ် အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ တိုင်းဒေသကြီးမန်နေဂျာ ဦးကျော်သူရက ၂၀၂၆ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးရေးနှင့်ပတ်သက်၍ သိသင့်သိထိုက်သည့်အချက်များအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် မြန်မာ့အာမခံလုပ်ငန်း၊ သီးနှံအာမခံဌာန၊ ဒုတိယအထွေထွေမန်နေဂျာ ဒေါ်ဝါဝါအေးက သီးနှံအာမခံထားရှိရေးကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

၎င်းနောက် ၂၀၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများနှင့် သဘာဝဓာတ်မြေဩဇာများကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက တောင်သူများနှင့် တာဝန်ရှိသူများအား  အသီးသီးပေးအပ်ကြသည်။

ထို့နောက် ၂၀၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးအပ်မှုနှင့်ပတ်သက်၍ တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့သည် ပြသထားသည့် စပါးမျိုးစေ့နမူနာများ၊ သဘာဝဓာတ်မြေဩဇာများ၊ ကော်ဖီပျိုးပင်များနှင့် စိုက်ပျိုးရေးသုံးပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)