သာစည်မြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာသမဝါယမအသင်းကစိုက်ပျိုးထားသော နွေစပါးများ ပန်းတိုင်အထွက်နှုန်းရရှိရေး တာဝန်ရှိသူများကွင်းဆင်းကြည့်ရှုအသိပညာပေးခြင်းများ ဆောင်ရွက်

သာစည် မေ ၁၅

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ကုက္ကိုကန်ကျေးရွာ ရွှေကန်မြေ စိုက်ပျိုးထုတ်လုပ် ရေးသမဝါယမအသင်းက စိုက်ပျိုးထားသော နွေစပါးများ ပန်းတိုင်အထွက်နှုန်းရရှိရေး မေ ၁၄ ရက်က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုပြီး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

ကွင်းဆင်းကြည့်ရှုရာတွင် ဦးစွာ တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်မိုး၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိဦးညီညီဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက သမဝါယမအသင်းသားတောင်သူများနှင့်တွေ့ဆုံပြီး လက်ထောက်ညွှန်ကြားရေးမှူးက အမှာစကားပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးအောင်ကျော်စိုးက စိုက်ပျိုးရေးနည်း ပညာများနှင့်ပတ်သက်၍ အသိပညာပေးပြောကြားသည်။ ထို့နောက် နွေစပါးစိုက်ခင်းအခြေအနေများကို ကွင်းဆင်းကြည့်ရှုပြီး လက်ထောက်ညွှန်ကြားရေးမှူးက ပန်းတိုင်အထွက်နှုန်းရရှိစေရန် လိုအပ်သည်များကို စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများထံက နည်းပညာများရယူပြီး ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ရွှေကန်မြေ စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းမှ အသင်းသားတောင်သူ ၇၅ ဦးက နွေစပါးဧက ၃၀၀ စိုက်ပျိုးထားကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)