မိတ္ထီလာ မေ ၁၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးလက်နေလူမှုစီးပွားဘဝ မြှင့်တင်ရေးအတွက် အသက်မွေး ဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းပြုလုပ်နည်း (ဆပ်ပြာ)သင်တန်းဆင်းပွဲကို မေလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီက နတ်ကြီးကုန်းကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စန်းက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းဆင်းလက်မှတ်များအား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်တင့်က သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးအားပေးအပ်ခဲ့သည်။ ၎င်းနောက် သင်တန်းတွင် ထူးချွန်ဆုရရှိသည့် သင်တန်းသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးတင့်ဆန်းနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခဲ့ကြပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့်နှင့် တာဝန်ရှိသူများက သင်တန်းသူများနှင့်အတူ အမှတ်တရစုပေါင်းဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။
အဆိုပါ သင်တန်းကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ခု ဘဏ္ဍာ ရေးနှစ် ရက် (၁၀၀)စီမံချက်ဖြင့် ကျေးလက်နေလူမှုစီးပွားဘဝ မြှင့်တင်ရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်း ပြုလုပ်နည်း(ဆပ်ပြာ)သင်တန်းကို ၂၀ ဦးဖြင့် မေလ ၁၁ ရက်နေ့ ၁၅ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးထိုက်ထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)