မိုင်းလုံ ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မိုင်းလုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၁၀)နာရီခွဲအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မိုင်းလုံမြို့ အုပ်ချုပ်ရေးမှူး ဦးအေးမင်းထွန်း က အမှာစကားပြောကြားရာတွင် ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် မိမိဌာနလုပ်ငန်းများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားရေး မိမိကစ ကာကွယ်နိုင်ရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြို့ဝင်/ မြို့ထွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို (၂၄)နာရီအစား မနက်(၆)နာရီမှ ည(၆)နာရီအထိ အချိန်ပြောင်းလဲ စစ်ဆေးမည်ဖြစ်ကြောင်း၊ ခရီးသွားကားများကို မြို့တွင်းရပ်နားခြင်းများမပြုရန်၊ နေအိမ်အပြင်ထွက်တိုင်း (Mask)တပ်ရန်၊ (Mask)မတပ်ပါက ဒဏ်ငွေ(၅ဝဝ)ကျပ် ပေးဆောင်စေရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ညှိနှိုင်းဆွေးနွေးခဲ့ပြီး အထက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်မှ ဒဏ်ငွေပေးဆောင်ရမည့်ကိစ္စနှင့် ပတ်သတ်၍ မိုင်းလုံမြို့အတွင်းရှိ ကျေးရွာများနှင့် နယ်မြေခြင်းထိစပ်နေသော ကျေးရွာများကို အသိပေးပြီးမှ ဆောင်ရွက်ရန် ဆွေးနွေးတင်ပြခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် မိုင်းလုံ လူငယ်ပရဟိတအသင်းတို့ တက်ရောက်ခဲ့ပြီး အစည်းအဝေးကို နေ့လည် ၁၁နာရီ ၄၅ မိနစ်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)