ခရမ်း မေ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ခရမ်းမြို့နယ်ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဆွေက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ရဲက ခရမ်းမြို့နယ်အတွင်းရှိ ပြည်သူအားလုံးသာယာဝပြောရေးနှင့် စားနပ်ရိက္ခာဖူလုံရေး၊ လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေး၊ အလုပ်အကိုင်အခွင့်လမ်းများ ပိုမိုဖန်တီးပေးနိုင်ရေး ပညာရေး၊ ကျန်းမာရေးစသည့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဓိကလျာထားရေးဆွဲခဲ့ခြင်းဖြစ်သည့်အတွက် သက်ဆိုင်ရာဌာနများနှင့် အဖွဲ့အစည်းများသည် စီမံကိန်းများအကောင်ထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတော်၊ ဒေသနှင့် နိုင်ငံသားများအကျိုးစီးပွားအတွက် အမှန်တကယ်အကျိုးဖြစ်ထွန်းစေမည့်စီမံကိန်းများ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အလေးအနက်ထားဆောင်ရွက်ရန် ပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးဝင်းဆွေ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ရဲနှင့် မြို့နယ်စီမံကိန်းရေးဆွဲအကောင်ထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး ဒေါ်ဥမ္မာဦးက တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့်ရင်းနှီးမြှုပ်နှံမှုလျာထားချက်များ၊ ဒေသန္တရစီမံကိန်းများအား တာဝန်ရှိသူများကို အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်နှင်းဝေ (ပြန်/ဆက်)