သန်လျင်မြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်သူများအား မျိုးစပါးနှင့် ဓါတ်မြေဩဇာပေးအပ်ပွဲကျင်းပ

ရန်ကုန် မေ ၁၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မြို့နယ်သမဝါယမဦးစီးဌာနက နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နိုင်ငံတော်၏ ရက် (၁၀၀) စီမံချက်အရ သန်လျင်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးမည့်တောင်သူများအား မျိုးစပါးနှင့် သဘာဝဓါတ်မြေဩဇာပေးအပ်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီတွင် သန်လျင်မြို့နယ် သမဝါယမအသင်းစုလီမီတက်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ သန်လျင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှိုင်မင်းဦးက နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်သူများအားမျိုးစပါးနှင့် သဘာဝဓါတ်မြေဩဇာပေးအပ်မည့်အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။

ထို့နောက် သန်လျင်မြို့နယ်အတွင်းမှ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် မိုးစပါးစိုက်ပျိုးမည့်တောင်သူများအား မျိုးစပါးနှင့် သဘာဝဓါတ်မြေဩဇာများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်မျိုးအောင်၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးလှိုင်မင်းဦး၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဌ ဦးကျော်တင့်တို့က ပေးအပ်ခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (သန်လျင်)