ဒဂုံမြို့နယ်တွင် နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ဒဂုံ မေ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က နွေရာသီအခြေခံပန်းချီရေးဆွဲ နည်းသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဒဂုံမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးမြင့်အေးက အဖွင့် အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်သူဟိန်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ ဆက်လက်၍ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို စတင်သင်ကြားခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးမြင့်အေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့မှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါသင်တန်းကို ၁၄-၅-၂၀၂၆ ရက်နေ့မှ ၂၈-၅-၂၀၂၆ ရက်နေ့အထိ မွန်းလွဲ ၁ နာရီမှ ညနေ ၃ နာရီအထိ ဖွင့်လှစ်သင်ကြားပို့ချမည်ဖြစ်ပြီး ၂၉-၅-၂၀၂၆ ရက်နေ့တွင် သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပကာ ထူးချွန်ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများကို လေ့လာကြည့်ရှုခဲ့ကြပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၃၃ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဉာဏ်မင်းပြည့် (ပြန်/ဆက်)