ကော့မှူး မေ ၁၅
နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် တောင်ပိုင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ကော့မှူးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးသန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဦးစောလှဝင်းအောင်တို့က စိုက်ပျိုးစရိတ် ချေးငွေပေးအပ်ခြင်း၊ စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များနှင့် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေ စည်းကမ်းသတ်မှတ်ချက်များနှင့် သတ်မှတ်ကာလအတွင်း အကျေပြန်ဆပ်နိုင်ရေးတို့အား ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးသန်းနှင့် တာဝန်ရှိသူများက ကျိုက်ထော် (တောင်) ကျေးရွာနှင့် သမင်ခြံကျေးရွာများမှ တောင်သူ (၇၀) ဦး၏ စိုက်ဧက ၅၅၁ ဧကအတွက် တစ်ဧကလျှင် စိုက်ပျိုးစရိတ်ချေးငွေ (၃) သိန်းကျပ်နှုန်းဖြင့် ချေးငွေကျပ် (၁၆၅၃၀၀) သန်းအား တောင်သူများ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြပြီး တောင်သူများအားရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့ကြသည်။ ကော့မှူးမြို့နယ်တွင် တောင်သူ (၂၆၀၀) ဦး၊ စိုက်ဧက (၂၅၀၀၀) ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ (၇၅၀၀၀) သိန်းအား ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)