မြစ်ကြီးနား မေ ၁၅
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြစ်ကြီးနားမြို့နယ်ဦးစီးမှူးရုံးမှ ရက် ၁၀၀ စီမံချက်ကာလအတွင်း မြို့နယ်အတွင်းရှိ ပြည်သူများအတွက် ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းအခမ်းအနားနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ UID ထုတ်ပေးခြင်းလုပ်ငန်းများအား ဆက်လက်ဝန်ဆောင်မှုပေးနေမှုများကို ယမန်နေ့နံနက်ပိုင်းတွင် မြစ်ကြီးနား မြို့နယ် စုပေါင်းရုံးအတွင်းရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရက် ၁၀၀ စီမံချက်ဖြင့် နေ့ချင်းအပြီး ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြည်သူ့များထံပေးအပ်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်မနေလိုအပ်ပြီး အခြေခံကျသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးခြင်းကို ယနေ့ နိုင်ငံတော်အစိုးရသစ်ကာလတွင် ရက် ၁၀၀ စီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဧပြီ ၂၀ ရက်နေ့မှ ဇူလိုင် ၃၁ ရက်နေ့အထိ အသက် (၁၀)နှစ်နှင့် (၁၈)နှစ်ပြည့် နိုင်ငံသားတိုင်းအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့အတူ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အချက်အလက်များကို ဘေးကင်းလုံခြုံစွာ ထိန်းသိမ်းစောင့် ရှောက်ပေးသည့် UID ဆောင်ရွက်ထုတ်ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ရက်ပေါင်း ၁၀၀ ကာလအတွင်း ဝန်ကြီးဌာန များအလိုက် ပြည်သူများအတွက် ဆောင်ရွက်ပေးသွားမည့် လုပ်ငန်းများအပေါ် လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ဝင်းတို့က ရက် ၁၀၀ စီမံချက်ဖြင့် မြစ်ကြီးနားမြို့နယ်အတွင်းရှိ အသက် ၁၀ နှစ်နှင့် ၁၈ နှစ်ပြည့် နိုင်ငံသားတိုင်းအတွက် စိစစ်ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြည်သူများ လက်ဝယ်အရောက် အသီးသီးပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အဆိုပါခန်းမအတွင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ အရာထမ်း/ အမှုထမ်းများက ရက် ၁၀၀ စီမံချက်ဖြင့် ပြည်သူများအား One Stop Shop ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင် ရွက်ပေးနေမှုနှင့် UID ထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားလာရောက်ဆောင်ရွက်သူများအား လွယ်ကူလျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရေးဌာနမှ ထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခြင်းနှင့် ရင်းနှီးနွေးထွေးစွာ နှုတ်ဆက်အားပေးခဲ့ကြသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်းတို့သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၉ နာရီခွဲကလည်း မြစ်ကြီးနားမြို့ ရွှေပြည်သာရပ်ကွက်အတွင်းရှိ ရှမ်းမျိုးနွယ်စုများ ယာယီတိမ်းရှောင်စခန်းသို့ သွား ရောက်ခဲ့ကြပြီး အိမ်ထောင်စုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက အဆိုပါစခန်း၌ ခိုလှုံနေ ထိုင်လျက်ရှိသော တာလောကြီး၊ စံကင်း၊ ဆင်ဘိုနှင့် ဗန်းမော်မြို့နယ်များအတွင်းမှ အိမ်ထောင်စု ၁၂၃ စုတို့အတွက် ငွေကျပ် ၉၈၄၀၀၀၀ တန်ဖိုးရှိ ဆန် ၂၄ ပြည်ပါအိတ် ၁၂၃ အိတ်အား အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြရာ စခန်းတာဝန်ခံနှင့် စခန်းနေပြည်သူများက ကျေးဇူးတင်စကားနှင့် အိမ်ထောင်စုများ နေထိုင်စားသောက်ရာတွင် လိုအပ်ချက်များကို တင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား/ ကျောင်းသူများ ကျောင်းသွားလာသည့်လမ်းအား ခင်းကျင်းဆောင်ရွက်ပေးနိုင်ရေးနှင့် စခန်းအတွင်း မိုးမလုံသည့် နေအိမ်များ ပြင်ဆင်ဆောက်လုပ်ပေးနိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အိမ်ထောင်စုများအနေဖြင့် ယခုလိုယာယီနေထိုင်သည့် ကာလအတွင်း ကျန်းမာရေးအထူးဂရုစိုက်ကြရန်နှင့် ငြိမ်းချမ်းရေးနှင့် နေရပ်ပြန်လည်နေထိုင်နိုင်ရေးအတွက် မိမိတို့အားလုံးက လက်တွဲပူးပေါင်းပြီး နိုင်ငံတော်၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အားသွန် ခွန်စိုက်ပူးပေါင်းပါဝင်ကြရန်၊ မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည်များကို အတတ်နိုင်ဆုံး စဉ်ဆက်မပြတ် ပံ့ပိုးကူညီပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားဖြစ်ပါကြောင်းဖြင့် အားပေးပြောကြားကာ စခန်းအတွင်းရှိ ကလေးများ အာဟာရဆန်ပြုတ်ကျွေးမွေးနိုင်ရေး ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)