မိတ္ထီလာ ဇန်နဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် မုန်တိုင်ကျေးရွာမှ ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေစေရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၄၆ သန်းကျော်ဖြင့် ကုန်ထုတ်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လယ်ယာအထောက်အကူပြု ကုန်ထုတ်လမ်း သွယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လမ်းများခင်းခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ် ၄၆.၀၁၄ သန်းဖြင့် အရှည် ၁ မိုင် ၁ ဖာလုံရှိ မုန်တိုင်ကျေးရွာနှင့် လယ်ကွင်းအမှတ် (၈၈၃/၈၈၄) သို့ ဆက်သွယ်သောလမ်းအား မြေသာတင်ဂျင်းခင်းလုပ်ငန်းကို တင်ဒါအောင်မြင် သည့် သီရိမြင့်မိုရ်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးမျိုးလတ်ထံမှ သိရသည်။
အဆိုပါ ကုန်ထုတ်လမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးပါက အိမ်ခြေ ၅၀၀ ကျော် လူဦးရေ ၂၈၃၅ ဦး ရှိသည့် မုန်တိုင်ကျေးရွာ၏ လယ်ယာလုပ်ငန်းမှ ထွက်ရှိလာသော ဒေသထွက်ကုန်များ ရာသီမရွေး သယ်ယူပို့ဆောင် နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)