မန္တလေး မေ ၁၄
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရဲထွဋ်ကျေးရွာနှင့်ပုဂံတပ်ကျေးရွာတို့ကိုဆက်သွယ်သည့် မေတ္တာ ပေါင်းကူးတံတားဖွင့်ပွဲအခမ်းအနားကို မေ ၁၄ ရက် နံနက် ၉နာရီက ရဲထွဋ်ကျေးရွာရှိ အဆိုပါတံတားထိပ် မင်္ဂလာမုဒ်ဦးတွင် ကျင်းပသည်။
ဦးစွာ မြို့မိမြို့ဖ ဝဏ္ဏကျော်ထင် သီရိပျံချီ ဦးမောင်ကိုက ဂုဏ်ပြုဝမ်းမြောက်စကား ပြောကြားပြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းညွန့်မော်က အလှူရှင်ကိုယ်စား လှူဒါန်းရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသောဦးဆွေသန်း၊ ဦးကျော်ဆန်း၊ ဦးမျိုးမြင့်၊ ဦးတင်ထွန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ အလှူရှင် မိသားစုနှင့် ကျေးရွာပြည်သူများ တက်ရောက်ကြသည်။
အဆိုပါတံတားသည် အလျား ၅၁၅ ပေ၊ အကျယ် ၂၇ ပေရှိ သံကူကွန်ကရစ်အမျိုးအစားတံတားဖြစ်ပြီး New Light Mandalay Co,Ltd ဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင် ဦးသန့်ဇင်နှင့် ဒေါ်မေဇင်ကို မိသားစုက ငွေကျပ်သိန်း ၁၅၀၀၀ အကုန်အကျခံကာ ဆောက်လုပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)