မဟာအောင်မြေမြို့နယ်၌ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်းမြို့နယ်အဆင့် (ဆင့်ပွား)သင်တန်းဖွင့်လှစ်

မဟာအောင်မြေ မေ ၁၄

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်းမြို့နယ်အဆင့် (ဆင့်ပွား)သင်တန်းကို ယနေ့နံနက်ပိုင်းစ၍ အမှတ်(၁၃) အ.ထ.က ကျောင်း၌  ဖွင့်လှစ်သည်။

သင်တန်းတွင် မဟာအောင်မြေမြို့နယ်ပညာရေးမှူး ဒေါ်စိုးစိုးက ပညာရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ လူမှုဝန်ထမ်းဦးစီးဌာန၏ မူလတန်းကြိုအရွယ်ကလေးများဘက်စုံဖွံ့ဖြိုးရေး သင်ရိုးညွှန်းတမ်းများနှင့် ချိတ်ဆက်ပြီး KGနှင့် Grade-1 ကလေးများကို သင်ကြားလေ့ကျင့်ပေးရန်  သင်တန်းအစီအစဉ်များကို စနစ်တကျရေးဆွဲခဲ့ကြောင်း၊ နိုင်ငံအဝန်းရှိ မူလတန်းပြဆရာ၊ ဆရာမများကို ပြန်လည်သင်ကြားနိုင်ရေးအတွက် ဆရာဖြစ်သင်တန်းကို ၄ ကြိမ် ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး  ဆင့်ပွားသင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၊ ကလေးဘဝ၏ အာရုံငါးပါးဟန်ချက်ညီ ဖွံ့ဖြိုးမှုမှသည် ပတ်ဝန်းကျင်၊ ရပ်ရွာ၊ နိုင်ငံတော်အတွက် ရေရှည်တည်တံ့ပြီး ဘက်စုံဖွံ့ဖြိုးသည့် လူသားအရင်းအမြစ်များရရှိမည်ဖြစ်ကြောင်း၊ မူလတန်းပြဆရာ၊ဆရာမများသည် ကလေးများအတွက် အရေးပါသည့်အခြေခံအုတ်မြစ်ကို တည်ဆောက်ပေးသူများဖြစ်သည့်အတွက် ဂုဏ်ယူဖွယ်ကောင်းကြောင်းပြောကြားသည်။

အခမ်းအနားကို မဟာအောင်မြေမြို့နယ်ပညာရေးမှူး၊ မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ ကျောင်းအုပ်များ၊ ဆရာ၊ ဆရာမများ   စုစုပေါင်း ၁၃၂ ဦး၊ နည်းပြဆရာ၊ ဆရာမ ၆ ဦး၊ ကြီးကြပ်ရုံးအဖွဲ့ ၃ ဦး တက်ရောက်ပြီး သင်တန်းကို မေ ၁၄ ရက်မှ ၂၄ ရက်အထိ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇော်မင်း