သာစည် မေ ၁၄
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ မေ ၁၄ ရက်နံနက် ၁၀ နာရီ က ၂၀၂၆ မိုးရာသီစိုက်ပျိုးစရိတ် ထုတ်ချေးငွေပေးအပ်ပွဲအခမ်းအနား ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က အမှာစကားပြောကြားပြီး မြို့နယ်ဘဏ်ခွဲ မန်နေဂျာဒေါ်ယုက မြို့နယ်အတွင်းချေးငွေကြွေးကျန်များပြေကျေစွာကောက်ခံရရှိရေးနှင့် ပြေကျေသည့်တောင်သူများအား ချေးငွေများပြန်လည်ထုတ်ချေးပေးခြင်းကိစ္စရပ်များနှင့် စည်းမျဉ်းစည်းကမ်းများ၊ အတိုးနှုန်းများ၊ ငွေချေးတောင်သူများ သီးနှံအာမခံထားရှိနိုင်ရေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာများကို အသေးစိတ်ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ခရိုင်အာမခံလုပ်ငန်းတာဝန်ခံဦးသန်းဌေးက သီးနှံအာမခံအကြောင်းကို ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် သမင်ဇာကုန်းကျေးရွာနှင့်မရွေးကျေးရွာအုပ်စုတို့မှ တောင်သူပေါင်း ၁၂၆ ဦးတို့အား စပါးတစ်ဧကလျင် ငွေကျပ် သုံးသိန်းနှုန်း၊ အခြားယာသီးနှံတစ်ဧကလျင်ငွေကျပ် နှစ်သိန်းခွဲနှုန်းတို့ဖြင့် စပါး ၅၅၁ ဧကနှင့်ယာသီးနှံ ၉၆ ဧက တို့အတွက် စိုက်ပျိုးစရိတ်ချေးငွေကျပ်သိန်းပေါင်း ၁၈၉၃ ကိုထုတ်ချေးခဲ့ကြောင်းသိရသည်။ သာစည်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ခုနှစ် ဘဏ္ဍာရေးနှစ်၌ စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးရန် လျာထားစပါးဧက ၁၉၃၀၀ နှင့်အခြားသီးနှံဧက ၂၁၀၅၀ တို့အတွက် ချေးငွေကျပ်သိန်းပေါင်း ၁၁၀၅၂၅ ကျော်လျာထားကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်