ရန်ကင်း မေ ၇
သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများနှင့် လွှတ်တော်ကိုယ်စားလှယ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းလတ်က မိတ်ဆက်စကားပြောကြားပြီး ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ မိတ်ဆက်ခြင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေရှိုင်းကလည်းကောင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဇော်နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးချစ်ကိုကိုတို့ကလည်းကောင်း အသီးသီးမိတ်ဆက်စကားများ ပြောကြားခဲ့ကြသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေရှိုင်းက ရန်ကင်းမြို့နယ်အတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများ၊ ရေစီးရေလာကောင်းမွန်ရေး၊ မြို့အင်္ဂါရပ်နှင့်အညီ သပ်ရပ်သန့်ရှင်းမှုရှိရေးတို့ကိုလည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးချစ်ကိုကိုက မကြာမီကျောင်းများဖွင့်လှစ်မည်ဖြစ်၍ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံနိုင်ရေး၊ ကျန်းမာရေးဆိုင်ရာများ၊ ဒေသဖွံဖြိုးရေးလုပ်ငန်းများအားလည်းကောင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဇော်က လွှတ်တော်အတွေ့အကြုံများနှင့် ဖွဲ့စည်းပုံများကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့်စီမံကိန်းများနှင့် ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့်စီမံချက်များအား ရှင်းလင်းဆွေးနွေးတင်ပြခြင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ရပ်ကွက်အတွင်း လိုအပ်ချက်များအားတင်ပြခြင်း လွှတ်တော်ကိုယ်စားလှယ်များမှ ပြန်လှန်ဆွေးနွေးခဲ့ရာ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရပါသည်။
လှလှထွေး (ပြန်/ဆက်)