သထုံ မေ ၁၄
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများအတွက် ၂၀၂၆ ခုနှစ် စိုက်ပျိုးစရိတ်ချေးငွေများကို သထုံခရိုင်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ဆက်လက်ထုတ်ချေးပေးရာ ယမန်နေ့နံနက်ပိုင်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)မှ အထွေထွေမန်နေဂျာနှင့် တာဝန်ရှိသူတို့မှ ကြည့်ရှုအားပေးခဲ့ကြသည်။
ချေးငွေထုတ်ပေးရာတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) မှ အထွေထွေမန်နေဂျာ ဦးအောင်ကျော်ဦး၊ တာဝန်ခံ မန်နေဂျာ ဦးနေလင်းနှင့် တာဝန်ရှိသူတို့က မိုးစပါးချေးငွေ ထုတ်ချေးပေးသွားမည့် အစီအစဉ်များ၊ ချေးငွေများပြန်လည်ပေးသွင်းရမည့်ကာလနှင့် အပြေအကြေပြန်လည်ပေးဆပ်ကြရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် အထွေထွေမန်နေဂျာနှင့် တာဝန်ရှိသူတို့က သထုံမြို့နယ်အတွင်းရှိ တောင်ကြား၊ အနန်းပင်နှင့် မြေနီကုန်းကျေးရွာအုပ်စုတို့မှ တောင်သူ ၅၆ ဦးတို့၏ စိုက်ဧက ၅၃၈ ဧကအတွက် တစ်ဧကလျင် ကျပ်သုံးသိန်းနှုန်းဖြင့် ချေးငွေ (၁၆၁၄) သိန်းကို မိုးစပါးစိုက်ပျိုးစရိတ်အဖြစ် တောင်သူလက်ဝယ်အရောက် ထုတ်ချေးပေးခဲ့သည်။
နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် ယခုနှစ်တွင် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေကို တစ်ဧကလျှင် ကျပ်သုံးသိန်းနှုန်းထုတ်ချေးပေးမည်ဖြစ်ရာ သထုံမြို့နယ်တွင် ယခင်နှစ်များက ချေးငွေများ အပြေအကြေပြန်လည်ဆပ်ပြီးသည့် ကျေးရွာအုပ်စုပေါင်း ၄၃ အုပ်စုမှ တောင်သူ ၂၇၈၁ ဦးတို့၏ မိုးစပါးစိုက်ဧကပေါင်း ၂၅၀၀၀ အတွက် စိုက်ပျိုးစရိတ်ချေးငွေကျပ် သိန်းပေါင်း ၇၅၀၀၀ အား မေလမှဇူလိုင်လအထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သထုံခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။
ခရိုင် (ပြန်/ဆက်)