ဗိုလ်တထောင်မြို့နယ်၌ ရက် (၁၀၀) စီမံချက် အမျိုးသမီးများ အကြမ်းဖက်မှုမှ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ရင်းဆေးပညာဖြင့် ကျန်းမာ‌ရေး‌စောင့်ရှောက်မှု အခမဲ့ကွင်းဆင်းကုသဆောင်ရွက်

ဗိုလ်တထောင် မေ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်း၍ အမျိုးသမီးများအကြမ်းဖက်မှုမှ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းအခမဲ့ဆေးကုသမှုကို ယနေ့နံနက် (၁၀) နာရီက အမှတ် (၃) ရပ်ကွက် စန္ဒကူးရနံ့စာကြည့်တိုက်၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပထမဦးစွာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းကြည်က မိတ်ဆက်စကားပြောကြားခြင်း၊ မြို့နယ်စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးဝေလင်းမှ မြို့နယ်အတွင်း ရပ်ကွက်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရှင်သန်ခိုင်မာမှုအခြေအနေများ ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်မှ အမျိုးသမီးများ အကြမ်းဖက်မှုမှ ကာကွယ်ရေးအသိပညာပေးဟောပြောခြင်း၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးချမ်းမိုးက ‌မိုးရာသီတွင် အဖြစ်များသော ရောဂါများအကြောင်းနှင့် အိမ်သုံးတိုင်းရင်းဆေးဖြင့် ကုသနိုင်သည့် ဆေးနည်းလမ်းများအကြောင်း အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းကြည်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ညွန့်နှင့် အဖွဲ့ဝင်များ မြို့နယ်တိုင်းရင်းဆေးကုဌာနသို့ တိုင်းရင်းဆေးများနှင့် အလှူငွေများ လှူဒါန်းခြင်း၊ စန္ဒကူးရနံ့စာကြည့်တိုက်အတွက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ မဂ္ဂဇင်းနှင့် သုတ/ ရသစာအုပ်များ လှူဒါန်းခဲ့သည်။

ထို့နောက် ရပ်ကွက်နေပြည်သူ စုစုပေါင်း (၃၅) ဦးတို့အား တိုင်းရင်းဆေးဖြင့် ကုသပေးခြင်း၊ အခမဲ့သွေးပေါင်ချိန်ပေးခြင်း၊ ရောဂါများစစ်ဆေးပေးခြင်း၊ သွေးတိုး၊ ခေါင်းကိုက်၊ ဇက်ကြောထိုး၊ လေထိုးလေနာ၊ ဒူးနာ၊ ခါးနာဝေဒနာရှင်များအား လိုအပ်သည့် ဆေးဝါးများဖြင့် အခမဲ့ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

ခင်ဝင်း (ပြန်/ဆက်)