ဇိနမာရ်အောင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူရေးနှင့် ဘက်စုံပြုပြင်တည်ဆောက်ရေးအတွက် ပဥ္စမအကြိမ် အလှူ​ငွေပေးအပ်ပွဲ တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်

သာကေတ မေ ၁၄

ရန်ကုန်တိုင်း​​ဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် ကျက်သရေဆောင် ဇိနမာရ်အောင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူရေးနှင့် ဘက်စုံပြုပြင် တည်ဆောက်ရေးအတွက် ပဥ္စမအကြိမ် အလှူငွေပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါစေတီတော်ပရဝုဏ်အတွင်းရှိ ဝိမုတ္တိရသဓမ္မဗိမာန်၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ ဥက္ကဋ္ဌ ဦးကြည်ဝင်းက စေတီတော်သမိုင်းကြောင်းနှင့် ရွှေသင်္ကန်းကပ်လှူရေး၊ ဘက်စုံပြုပြင်တည် ဆောက်ရေးအကြောင်း ရှင်းလင်းတင်ပြပြီး စေတီတော်နာယက မြို့မိမြို့ဖ ဦးလှဒေါင်းက စေတီတော်တွင် ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းစဥ်များအကြောင်း ဆွေးနွေးတင်ပြသည်။

ယင်းနောက် အလှူငွေပေးအပ်ပွဲကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှလှူဒါန်းသည့် ငွေကျပ်သိန်း (၃၀၀) ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူက ပေးအပ်လှူဒါန်းရာ ဇိနမာရ်အောင်စေတီတော် ရွေသင်္ကန်းကပ်လှူရေးနှင့် ဘက်စုံပြုပြင်တည်ဆောက်ရေး နာယက၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဦးဋ္ဌေးအောင်ကလက်ခံရယူခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ မှတ်တမ်းတင်ဂုဏ်ပြုလွှာကို ပြန်လည်ပေးအပ်ခဲ့သည်။ ဆက်လက်၍ ဇိနမာရ်အောင်စေတီတော်ရွှေသင်္ကန်းကပ်လှူရေးနှင့် ဘက်စုံပြုပြင်တည်ဆောက်ရေးနာယက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဦးဋ္ဌေးအောင်နှင့် ဇနီး (ဒေါ်ဝါဝါမင်း) မိသားစုက (၂၉၇) သိန်း၊ ဦးထွန်းထွန်းနှင့် ဇနီး ဒေါ်မြသိန်းတို့အား အမှူးထား၍ ဒေါ်ချိုချိထွန်း၊ သား မောင်စစ်ပိုင်၊ မောင်သန်းနိုင် (Ruby Empress Co.Ltd) မိသားစုက (၁၁၀၅) သိန်း၊ ဦးမောင်ဝိတ်မိသားစုက သိန်း (၁၀၀၀) ၊ ဦးအောင်ကျော်သူနှင့် ဇနီး ဒေါ်နန်းမြတ်သူဇာ မိသားစုမှ သိန်း (၉၂၀) ၊ ဦးအောင်စေသောဝ်၊ သား မောင်သာယာစေသောဝ် မိသားစုက (၈၇၅) သိန်း၊ နာယကကြီး ဦးစိုးညွန့်နှင့် တပည့်များက သိန်း (၈၅၀) ၊ စည်သူဝဏ္ဏကျော်ထင် ဦးရန်ဝင်း + အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါ်ဝေဝေလွင် (A 1 Group Co.Ltd) က သိန်း (၅၈၀)၊ ဦးအောင်ကိုဝင်း ဥက္ကဋ္ဌ KBZ က သိန်း (၅၀၀)၊ တစ်ဦးတည်းအလှူရှင်များ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း ၁၉ ရပ်ကွက်မှ အလှူရှင်များ ၊ ၇ ရက်သားသမီး အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများကလက်ခံရယူခဲ့ပြီး အလှူရှင်များအား မှတ်တမ်းတင်ဂုဏ်လွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

အဆိုပါ သာကေတမြို့နယ် ကျက်သရေဆောင် ဇိနမာရ်အောင် စေတီတော်မြတ်ကြီးသည် စေတီတော်တည်ထားကိုးကွယ်ခဲ့စဥ် အချိန်ကတည်းက ယနေ့အချိန်ထိ ရွှေသင်္ကန်းကပ်လှူမှု တတိယအကြိမ်ထိရှိခဲ့ပြီး စတုတ္ထအကြိမ်​မြောက် ရွှေသင်္ကန်းကပ်လှူရေးနှင့် ဘက်စုံပြုပြင်တည်ဆောက်ရေးအတွက် ပဥ္စမအကြိမ်အလှူငွေပေးအပ်ပွဲ ကျင်းပခြင်းဖြစ်ကြောင်းသိရပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ကျော်ကျော်(ပြန်/ဆက်)