အလုံမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

အလုံ မေ ၁၄

ရန်ကုန်တိုင်းဒေကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်ရှိ Myanmar International Port ဆိပ်ကမ်းတွင် မှုခင်းကျဆင်းရေးအသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းသိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကုဋေထွန်းက မိတ်ဆက်အမှာစကားပြောကြားခြင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲကိုကိုက ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြခြင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး၀င်းမြင့်က လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးရေး အသိပညာပေးဟောပြောခြင်း၊ အမှတ် (၅၀) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး ဒုရဲမှူးရဲလင်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြော၍ သရုပ်ပြခြင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးပြည့်စုံက မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဖြိုးကျော်က လျှပ်စစ်အန္တရာယ်အကြောင်း သိကောင်းစရာများအား အသိပညာပေးဟောပြောခြင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသဇင်ခိုင်မှ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ အလုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းသိန်းနှင့် အဖွဲ့၀င်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကုဋေထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲကိုကိုနှင့်အဖွဲ့၀င်များ၊ မြန်မာဆိပ်ကမ်းမှတာ၀န်ရှိသူများ၊ ဆိပ်ကမ်းလုပ်သားများ စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ယောဧရာ (မြို့နယ်ပြန်/ဆက်)