ပုဇွန်တောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲကျင်းပ

ပုဇွန်တောင် မေ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ၂၀၂ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်က ဟောပြောပွဲဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး စာရေးဆရာမ မေ (ရန်ကုန်) က မူးယစ်ဆေးဝါးစတင်ပေါ်ပေါက်လာပုံ၊ မူးယစ်ဆေးဝါးအုပ်စုနှင့် အမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်သည့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် အသက်အန္တရာယ်ထိခိုက်ဆုံးရှုံးရမှုများနှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် မူးယစ်ဆေးဝါး၏ အစဖြစ်သည့် ဆေးလိပ်၊ ကွမ်း၊ အရက် စသည်များကို ရှောင်ကြဉ်ကြရန် အသိပညာပေးဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံမှတ်တမ်းများကို စိတ်ဝင်တစားကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဟန်စုယဉ်