ရန်ကုန် မေ ၁၃
ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှကြီးမှူး၍ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)နှင့် ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ပူးပေါင်း၍ မြေငလျင်အန္တရာယ် သဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့် ခြင်းကို မေလ ၁၃ ရက်နေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်)တွင် ဆောင်ရွက်ရာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး ဦးသန်းစိုးနှင့်ဝန်ထမ်းများ၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ်(ရန်ကုန်)မှ ကျောင်းအုပ်ကြီး ဦးထိန်လင်းနှင့်ဆရာ၊ဆရာမများ၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဒေါက်တာဇော်ဌေးနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း (၇၀၀)ဦး ပူးပေါင်းပါဝင်ခဲ့ကြသည်။
အဆိုပါ မြေငလျင်အန္တရာယ် သဏ္ဌာန်တူဇာတ်တိုက်ခြင်းတွင် ငလျင်လှုပ်ခတ်ကြောင်း အချက်ပြ ဥဩသံပေးခြင်း၊ အချက်ပြဥဩသံကြားသည့်အခါ ဆရာမများ၊ ကျောင်းသူများက အခန်းများအတွင်း အကာအကွယ်ပစ္စည်းများကို အသုံးပြု၍ ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေး၊ ဝပ်/ကာ/ကိုင် နည်းလမ်းဖြင့် တုံ့ပြန်ဆောင်ရွက်ခြင်း၊ ငလျင်လှုပ်ခတ်မှု ပြီးဆုံးကြောင်း အချက်ပေးသံကြားသည်နှင့် ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသူများက အခန်းများအတွင်းမှ ဘေးလွတ်ရာနေရာသို့ သတ်မှတ် ထားသောလမ်းကြောင်းများမှသွားခြင်း၊ ဘေးလွတ်ရာနေရာတွင် ဆရာမများ၊ ဝန်ထမ်းများက ကျောင်းသူများ ပျောက်ဆုံးမှုရှိ/မရှိ စစ်ဆေး၍ ပျောက်ဆုံးသူများရှိသဖြင့် သတင်းနှင့်ပြန်ကြားရေး အဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့သို့ အကြောင်းကြားခြင်းနှင့် ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ် ခြင်း၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ ရှေးဦးသူနာပြုစုခြင်းနှင့် လူနာတင်ယာဉ်အသုံးပြု၍ အရေးပေါ် ကုသရေးနေရာသို့ ပို့ဆောင်ပေးခြင်းနှင့် ယာယီဆေးပေးခန်းမှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း တို့အား သဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့်ခဲ့ကြသည်။
ငလျင်ဘေးအန္တရာယ် ကျရောက်လာပါက ထိခိုက်မှုအနည်းဆုံးဖြစ်စေရန်နှင့် အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အထိရောက်ဆုံး ကူညီဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မြေငလျင် အန္တရာယ် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုးက ပြောကြားခဲ့ကြောင်း သိရသည်။
ဖြိုးစန္ဒာ(ဆိပ်ကမ်း)