မိုးနဲ ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် စိန်တောင်ကျောင်းတိုက်ဆရာတော် ဦးဆောင်သော ရွှေပိုးပရဟိတအသင်းမှ မိုးနဲမြို့ နယ်အတွင်းရှိ ကျေးရွှာများတွင် နေထိုင်လျက်ရှိသော မိသားစုဝင်မရှိ၊ ကျောထောက်နောက်ခံ သားသမီး၊ ဆွေမျိုးရင်းချာ မရှိဘဲ အသက်အရွယ် အိုမင်းခြင်းကြောင့် အင်အားရှိသလောက်နှင့် ဝမ်းရေးကိုခက်ခဲစွာ ဖြေရှင်းနေရသည့် သက်ကြီးဘိုးဘွားခြောက်ဦးနှင့် ကိုယ်အင်္ဂါ ချို့တဲ့ပြီး ဝင်ငွေလုံးဝမရှိသော၊ ကျောထောက်နောက်ခံမရှိသော မသန်စွမ်းသူ သုံးဦး စုစုပေါင်း ကိုးဦးတို့အား အခြေခံ စားသောက်ကုန်များကို ယနေ့ နံနက် ၇ နာရီ အချိန်က ကျေးရွာများအရောက် သွားရောက်လှူဒါန်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ သွားရောက်လှူဒါန်းရာတွင် ရွှေပိုးပရဟိတအသင်း ဦးဆောင်နာယက မိုးနဲမြို့ စိန်တောင် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုန္ဒရ ၊ရွှေပိုးပရဟိတအသင်း ဥက္ကဋ္ဌ ဦးထွန်းလှ နှင့် အဖွဲ့ဝင်များက အခြေခံစားသောက်ကုန်အဖြစ် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ကြက်ဥ စသည့် စားသောက်ကုန် ၂၁မျိုး ပါဝင်သော ပစ္စည်းများကို နားခံကျေးရွာနှင့် နောင်ဆိုင်း ကျေးရွာရှိ သက်ကြီးဘိုးဘွား ခြောက်ဦးတို့အား လည်းကောင်း၊ ဝမ်ယေးကျေးရွာနှင့် နားခံကျေးရွာရှိ မသန်စွမ်းသူ သုံးဦးတို့အား လည်းကောင်း အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း မိုးနဲမြို့ရွှေပိုးပရဟိတအသင်းကတာဝန်ရှိသူ၏ပြောကြားချက်အရ သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)