တံတား မေ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့တွင် အသက် (၁၀) နှစ်ပြည့်ပြီးသည့် ကျောင်းသား၊ ကျောင်းသူများအား ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းကို ယနေ့နံနက် (၉) နာရီက တံတားမြို့ အမှတ် (၂) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆာင်ရွက်ခဲ့သည်။
အဆိုပါ ရက် (၁၀၀) စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ကြီးကြပ်မှုဖြင့် မြို့အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ် / ကျေးစာရေးများက မြေပြင်အရောက်ကွင်းဆင်း၍ အသက် (၁၀) နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ်ပြုလုပ်လိုသည့် ကျောင်းသား၊ ကျောင်းသူများအား လိုအပ်သည့်အချက်အလက်၊ အထောက်အထားများဖြည့်စွက်ကာ စိစစ်ထုတ်ပေးပြီး ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ထို့သို့ ဆောင်ရွက်နေမှုများကို တံတားမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်အောင်မျိုးထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ တိုက်နယ်မှူး ဦးဖြိုးကိုကိုသွင်တို့က သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ပြည်သူများထံကတ်ပြားများကို လက်ဝယ်အရောက်ရရှိရေး ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်သူဇာ (ပြန်/ဆက်)