နမ့်ခမ်းမြို့၌ အိမ်မွေးတိရစ္ဆာန်များအား ခွေးရူးရောဂါကာကွယ်ဆေး (အခမဲ့)ထိုးနှံပေး

နမ့်ခမ်း ဇန်နဝါရီ  ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကမ္ဘာလုံးဆိုင်ရာ “(၂၀၁၈-၂၀၃၀)ခုနှစ်အတွင်း ခွေးရူးရောဂါ ကင်းစင်ပပျောက်ရေး” ရည်မှန်းချက်အတွက် အိမ်မွေးတိရစ္ဆာန်များကို ခွေးရူးရောဂါကာကွယ်ဆေး(အခမဲ့) ထိုးနှံပေးခဲ့ရာခွေး၊ ကြောင်အကောင်ရေ စုစုပေါင်း(၁၅၀)ကောင်အား ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာဇော်မင်းထွန်းက "ခွေးရူးရောဂါကူးစက်ခံရတဲ့ အိမ်မွေးတိရစ္ဆာန်ခွေး၊ ကြောင်နဲ့ လူအပါအဝင် ရောဂါပိုးကူးစက်ပြီး (၂၄)နာရီအချိန်အတွင်း ကာကွယ်ဆေးကို အချိန်မှီ မထိုးပေးနိုင်ပါက ရောဂါကြောင့် (၁၀၀%) အသက်သေဆုံးနိုင်တယ်၊ ရောဂါဖြစ်နေတဲ့ ခွေးကနေ လူကို ကူးစက်မှု အများဆုံးဖြစ်ပွားနေတာ တွေ့ရတယ်၊ ယခုမှာ မွေး /ကုဦးစီးဌာနရဲ့ ရည်မှန်းချက် ဖြစ်တဲ့ ပြည်သူတို့မှ အိမ်မွေးတိရစ္ဆာန်များအား ခွေးရူးရောဂါ ကာကွယ်ဆေး ထိုးနှံပေးတက်တဲ့ အလေ့အထကောင်းများ တိုးပွားလာစေရန်၊ ခွေးရူးရောဂါ ကင်းစင်ပပျောက်စေရန် ရည်ရွယ်ပြီး ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်း လုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။" ဟု ရှင်းပြ  ပြောကြားခဲ့သည်။

ဆက်လက်ပြီး အိမ်မွေးတိရစ္ဆာန်များကို ခွေးရူးရောဂါကာကွယ်ဆေးလာရောက်ထိုးနှံကြသည့် ပြည်သူတို့အား ခွေးရူးရောဂါ ကူးစက်ဖြစ်ပွားခြင်းမှ ကင်းဝေးစေရန် ခွေးရူးရောဂါ ကာကွယ်ရေးသိကောင်းစရာများ၊ သတိထားသိရှိလိုက်နာရမည့်အချက်များကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆွေးနွေး ရှင်းလင်းပေးခဲ့ကြောင်းသိရသည်။

ဆိုင်ထွန်း(ပြန်/ဆက်)