မိုင်းယန်းမြို့ လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများအသင်း(Book Club)ဖြင့် စာဖတ်ဝိုင်းဆွေးနွေး

မိုင်းယန်း မေ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မေ ၁၄ ရက်နေ့ နံနက် ၁၀ နာရီက စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ဖြင့် စာရေးဆရာ မြေလတ်မောင်မြင့်သူ ရေးသားထားသော “မရော်မီ၊ မဝါမီ၊ မသွေ့မီ”အက်ဆေးများ စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လူငယ်လူရွယ်များအနေဖြင့် စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန်နှင့် လူအများရှေ့တွင် ပြောဆိုနိုင်သည့်အလေ့အထကောင်းများ ရရှိစေရန် ရှင်းလင်းပြောကြားသည်။ ထို့နောက် စာပေချစ်မြတ်နိုးသူ(Book Club)အသင်းဝင် ဦးမျိုးတင့်မှ စာရေးဆရာ မြေလတ်မောင်မြင့်သူ ရေးသားထားသော “မရော်မီ၊ မဝါမီ၊ မသွေ့မီ”အက်ဆေးများ စာအုပ်မှ "တန်ဖိုးမထားသော တန်ဖိုးတစ်ခု"ခေါင်းစဉ်ဖြင့် စည်းလုံးမှု၏ ဥပဓိဖြစ်သည့် မိသားစုမေတ္တာထဲက တွေ့လိုက်ရသည့် တန်ဖိုးရေးမထားသော တန်ဖိုးတစ်ခု၏ အကြောင်းအရာများဖြင့်လည်းကောင်း၊ စာပေချစ်မြတ်နိုးသူ(Book Club)အသင်းဝင် ဒေါ်ချိုချိုခိုင်မှ "မရော်မီ မဝါမီ မသွေ့မီ" ခေါင်းစဉ်ဖြင့် ဘဝကို ပုံခိုင်း သစ်ရွက်နှင့် ပမာနှိုင်း၍ မရော်မီ မဝါမီ မသွေ့မီမှာ လောကဓံအရိုင်းတစ္ဆေ၏ သမိုင်းအမွေအဖြစ် အကြွေမစောသင့်သည့် အကြောင်းအရာများဖြင့် လည်းကောင်း၊ စာပေချစ်မြတ်နိုးသူ(Book Club)အသင်းဝင် ဦးအောင်မျိုးဦးမှ "ကိုယ်တိုင်ရေးမှ လှမယ့်ကဗျာ"ခေါင်းစဉ်ဖြင့် ငါကိုငါ စွန့်နိုင်သောနေ့သည် ကိုယ်တိုင်ရေးမှလှမယ့်ကဗျာတစ်ပုဒ်ကို လက်ရာမြောက် ထုဆစ်လိုက်ခြင်း၏ အကြောင်းအရာများဖြင့် ဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူများက  ဆွေးနွေးချက်များအပေါ် မိမိတို့ထင်မြင်ယူဆချက်များ၊ အကြံပြုသုံးသပ်ချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး