စဉ့်ကူး မေ ၁၄
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာပညာသင်ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးတို့အတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်စွာဝင်းခိုင်၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က အနီးကပ်ကြီးကြပ်လျက်ရှိပြီး နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လက်ပန်လှကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများ၊ အ.ထ.က(လက်ပန်လှ)မှ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းပါဝင်သောအဖွဲ့တို့က ကျောင်းဝင်းပတ်ဝန်းကျင်တို့တွင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ မြက်ပင်များ ရှင်းလင်းခြင်း၊ သစ်ပင်ခြုံနွယ် အမှိုက်သရိုက်များ ရှင်းလင်းခြင်းတို့ ဆောင်ရွက်ခဲ့ကြကာ ထွက်ရှိလာသော အမှိုက်များအား စနစ်တကျ စွန့်ပစ်ခဲ့ကြသည်။
ထို့နောက် စစ်ဗျူဟာမှူးက ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများအား ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများအား ထောက်ပံ့ပေးအပ်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသူများအား အားဖြည့်အချိုရည်နှင့်မုန့်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)