ပျော်ဘွယ် မေ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး၊ အများပြည်သူအကျိုးအတွက်ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်ပွဲကို မေလ ၁၄ ရက်၊ နံနက် ၉ နာရီက မြင်းဘက်ရပ်ကွက် နာရီစင်အနီးရှိ အဆိုပါရုံးတွင် ကျင်းပသည်။
ရှေးဦးစွာ လွှတ်တော်ကိုယ်စားလှယ်ရုံးဆိုင်းဘုတ်အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ညွန့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအာကာစိုးနှင့် မြို့မိမြို့ဖ ဦးစံတင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
မြို့နယ်အတွင်း လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်လှစ်ခြင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပြည်သူတို့၏အခက်အခဲများ၊ လိုအပ်ချက်များနှင့်တင်ပြချက်များကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ပြည်သူလူထုနှင့် လွှတ်တော်အကြားတွင်လည်း အရေးပါသော ချိတ်ဆက်မှုရှိသည့် ရုံးတစ်ရုံးဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)