မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန၌  စာရေးဆရာမသင်းသင်း(မန္တလာ)မှ တစ်ကိုယ်တော် ကဗျာရွတ်ဆိုပွဲ ကျင်းပ

မန္တလေး မေ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက စာပေဖတ်ရူခြင်းဖြင့် ရရှိလာမည့် စာပေအကျိုးကျေးဇူးဗဟုသုတများ တိုးပွားလာစေရန်၊ စာပေချစ်မြတ်နိုးသူများ ဖြစ်လာစေရန်ရည်ရွယ်၍ စာရေးဆရာမသင်းသင်း (မန္တ‌လာ)မှ တစ်ကိုယ်တော်က‌ဗျာရွတ်ဆိုပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး ပြည်ကြီးတံခွန်မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးလှဦး( ချမ်းမြေ့အေး)၊ မဟာအောင် မြေစာရေး ဆရာအသင်းဥက္ကဋ္ဌ အမျိုးသားစာပေဆုရှင် ရင်ရင်နု(မန္တလေး)၊ အမျိုးသားစာပေဆုရှင် ဆရာနေမျိုးတို့ကလည်း တစ်ကိုယ်တော် ကဗျာရွတ်ဆိုပွဲတွင် ပါဝင်အားဖြည့် မုဒိတာ ပွားခဲ့သည်။

ယင်းနောက် စာရေးဆရာမသင်းသင်း (မန္တလာ)က “တို့တစ်တွေ ၆ ပေမခွာ အမြန်ပြန်ဆုံချင်ပြီ”ကဗျာကိုလည်းကောင်း၊ “ချစ်ခြင်းနိယာမ” ကဗျာကိုလည်းကောင်း၊ “အမုန်းကို စက်ဆုတ်ရွံရှာသူ ကျွန်မ” ကဗျာ ကိုလည်းကောင်း၊ “အပေါင်းနှင့်အနုတ်” ကဗျာကို လည်းကောင်း၊ “သမိုင်းရှိတဲ့မြန်မာ” ကဗျာကို လည်းကောင်း၊ “ငါးခုံမ မဟုတ်ရင် လိုက်ခဲ့” ကဗျာကို လည်းကောင်း၊ “ကျွန်မလာမဲ့လမ်း”ကဗျာကို လည်းကောင်း စုစုပေါင်း ကဗျာ ၇ ပုဒ်အား ရွတ်ဆိုခဲ့ကာ အဓိပ္ပာယ်များလည်း ဖွင့်ဆိုရှင်းလင်း ပြောကြားခဲ့ရာ တက်ရောက်လာသည့် စာရေး ဆရာများ၊ စာရေးဆရာမများက ယင်းကဗျာရွတ်ဆို့သည့် အကြောင်းအရာများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြှန်းဆွေးနွေးခဲ့သည်။

အဆိုပါ ကဗျာရွတ်ပွဲသို့  မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်း၊ စာရေးဆရာမသင်းသင်း (မန္တလာ)နှင့် မန္တလေးခရိုင်အတွင်းရှိ မြို့နယ်အသီးသီးမှ စာရေးဆရာကြီးများ၊ စာရေးဆရာမကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)